
တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်မှာ အခုနှစ်အတွင်း လူသားပုံစံ စက်ရုပ် ၂,၀၀၀ ကျော်ဟာ ပြည်နယ်ရှိ အဓိက ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေထဲကို ဝင်ရောက်လာခဲ့ပြီး လက်တွေ့နယ်ပယ် အခြေအနေ တွေမှာ တည်ငြိမ်စွာ အသုံးချနေပြီလို့ ပြည်နယ်အစိုးရက စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ပြန် ပါတယ်။
တနှစ်လုံးကာလ ဆိုရင်တော့ စက်ရုံတွေထဲကို စက်ရုပ်အရေအတွက် စုစုပေါင်း ၃,၀၀၀ ကျော် ရောက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။
ကုန်ထုတ်လုပ်ရေးကဏ္ဍမှာ အဓိကအဆင့်နဲ့ အရေးကြီးလုပ်ငန်းစဉ်တွေကို အမြန်ဆုံး မြှင့်တင်နိုင်ဖို့ အတွက် ပစ္စည်းခွဲခြားစစ်ဆေးတာ၊ ကုန်စည်ပို့ဆောင်ရေး၊ အရည်အသွေး စစ်ဆေးတာနဲ့ ကင်းလှည့် တာစတဲ့ ပုံစံတကျ အခြေအနေတွေကနေ စတင်ဆောင်ရွက်နေတယ်လို့ ပြည်နယ်အစိုးရက တင်ပြထားပါတယ်။
ကုန်ကျစရိတ် သက်သာစေဖို့အတွက် မြေအောက်ရထားလိုင်းတွေ၊ ပန်းခြံတွေ၊ ဆေးဘက်ဆိုင်ရာနဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေး အဖွဲ့အစည်းတွေ အနေနဲ့ ငှားရမ်းတဲ့နည်းလမ်းနဲ့ ဝန်ဆောင်မှု အပြင်ဘက်ကို အပ်နှံတဲ့နည်းလမ်းစတဲ့ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ နည်းလမ်းတွေနဲ့ စက်ရုပ်တွေကို မိတ်ဆက်အသုံးပြုဖို့ကိုလည်း ကွမ်တုံပြည်နယ်က တိုက်တွန်း အားပေးနေပါတယ်။
လောလောဆယ်မှာ ကွမ်တုံပြည်နယ်ဟာ တရုတ်နိုင်ငံရဲ့ စက်မှုသုံး စက်ရုပ်ထုတ်လုပ်မှုရဲ့ ၄၀ ရာခိုင်နှုန်းကျော်နဲ့ ဝန်ဆောင်မှုသုံး စက်ရုပ်ထုတ်လုပ်မှုရဲ့ ၈၀ ရာခိုင်နှုန်းကို တာဝန်ယူ ထုတ်လုပ် ပေးနေတာ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်မှာတော့ လူသားပုံစံ စက်ရုပ်ထုတ်လုပ်မှုဟာ တနိုင်ငံလုံး စုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံလောက် ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။
Source: Reuters










