DVB Logo
Home
မြန်မာသတင်း
အပူချိန်မြင့်တက်မှုနှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပြုရန် နှိုးဆော်
DVB
·
March 12, 2019
အပူချိန်မြင့်တက်မှုနှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပြုရန် နှိုးဆော်
Donate to DVB

မြန်မာနိုင်ငံအတွင်း ခုရက်ပိုင်းအတွင်း အပူချိန်မြင့်တက်လာနေပြီး ခရမ်းလွန်ရောင်ခြည်အန္တရာယ်လည်း ကျရောက်နိုင်တာကြောင့် သတိပြုကြဖို့ ကျန်းမာရေးဌာနနဲ့ မိုးလေဝသဌာနတို့က သတိပေးထားပါတယ်။

မတ်လပထမပတ်က အပူချိန်လျော့နေပေမယ့် ဒီရက်ပိုင်းမှာပဲ နေ့အပူချိန်တွေ တိုးလာတာပါ။

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက “လက်ရှိမှာတော့ အပူချိန်က ပြန်ပြီးမြင့်တက်လာတယ်။ ပုံမှန်အပူချိန်ထက် နည်းနည်းပိုတယ်။ မကွေးတိုင်းမှာ ၄၀ ဒီဂရီ စတင်တီဂရိတ်ရှိနေပြီ၊ ကျန်တဲ့ ပြည်နယ် တိုင်းတွေမှာတော့ ၃၇၊ ၃၈ ရှိနေတယ်” လို့ ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ လက်ရှိကာလမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်နေပြီးး အန္တရာယ် ပိုကျရောက်နိုင်တယ်လို့ ထုန်ပြန်ထားပါတယ်။

ခရမ်းလွန်ရောင်ခြည်ထိတွေ့ရင် လတ်တလောမှာ နေလောင်တာ၊ အသားအရောင် ညိုမဲတာ ဖြစ်စေပြီး ကြာကြာထိတွေ့မယ်ဆိုရင်တော့ မျက်စိတိမ်စွဲတာ၊ အရေပြားတွေ အရွယ်မတိုင်ခင် ရင့်ရော်တာ၊ အရေပြားကင်ဆာနဲ့ ခုခံအားကျတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မနက် ၁၀ နာ၇ီကနေ ညနေ ၄ နာရီအတွင်း အပြင်ထွက်သူတွေ၊ ကလေးငယ်တွေအနေနဲ့ ပူပြင်းတဲ့ နေရောင်အောက်မှာ အလုပ်လုပ်တာ၊ လှုပ်ရှားတာကို တတ်နိုင်သလောက် ရှောင်ဖို့၊ လိုအပ်လို့ သွားလာရမယ် ဆိုရင်လည်း ခန္ဓာကိုယ်ကို ဖုံးအုပ်မယ့် အဝတ်အစား လုံခြုံစေဖို့၊ အဝတ်လွတ်နေတဲ့ လက်၊ လည်ပင်း၊ ပခုံးတို့ကို သနပ်ခါးထူထူ ဒါမှမဟုတ် နေရောင်ခံလိမ်းဆေး SPF 15+ ကို နေရောင်ထဲ မထွက်ခင် ၁၅ မိနစ် ကြိုတင်လိမ်းဖို့၊ ဒါကိုလည်း ၂ နာရီကြာတိုင်း တခါ ထပ်လိမ်းဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ခရမ်းလွန်ရောင်ခြည်ဟာ မျက်စိကိုလည်း ထိခိုက်စေတာကြောင့် ခရမ်းလွန် ရောင်ခြည်ကာကွယ်ဖို့ ထုတ်ထားတဲ့ နေကာမျက်မှန် သုံးဖို့၊ အရောင်ရင့်ပြီး ထူတဲ့ အဝတ်အစားတွေ ဝတ်ဆင်ဖို့လည်း အကြံပြုထားပါတယ်။

ခရမ်းလွန်ရောင်ခြည်ဟာ ကလေးတွေမှာ ဆိုးကျိုးပိုဖြစ်စေတာကြောင့် အသက် တနှစ်အောက် ကလေးတွေကို နေပူထဲမခေါ်ဖို့နဲ့ ခေါ်မယ်ဆိုရင်လည်း လုံလောက်တဲ့ အကာအကွယ်တွေလုပ်ပေးဖို့ တိုက်တွန်းထားပါတယ်။

ခရမ်းလွန်ရောင်ခြည်ဟာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးလည်းဖြစ်စေပေမယ့် ခံနိုင်ရည်မတူတာကို သတိပြုကြဖို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

နေ့အပူချိန်တွေ မြင့်တက်လာတာနဲ့အမျှ ခရမ်းလွန်ရောင်ခြည်လည်း မြင့်တက်လာပြီး တခြားအန္တရာယ်တွေကိုလည်း သတိပြုဖို့တိုက်တွန်းပါတယ်။ “အပူချိန်ကြောင့် ရေရှားတာတွေ ဖြစ်လာမယ်။ ပြီးတော့ မီးဘေးကိုလည်း ဂရုစိုက်ရမယ်။ နောက် လေပြင်းတိုက်တာတွေ၊ မိုးကြိုးပစ်တာတွေလည်း ဖြစ်နိုင်ပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အပူဆုံးအချိန်ဟာ ဧပြီနဲ့ မေလတို့မှာ ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဧပြီလတုန်းက  ခရမ်းလွန်ရောင်ခြည် ကျရောက်တဲ့ အမြင့်ဆုံးအညွှန်းကိန်းဟာ နေပြည်တော်မှာ ၈ ဒသမ ၆၊ ရန်ကုန်မှာ ၉ နဲ့ မန္တလေးမှာ ၈ ဒသမ ၁ တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013