DVB Logo
Home
မြန်မာသတင်း
ဖားကန့် စစ်ပြေးဒုက္ခသည်အချို့အိမ်ပြန်၊ တိုက်ပွဲများ ထပ်ဖြစ်
DVB
·
October 10, 2012
ဖားကန့် စစ်ပြေးဒုက္ခသည်အချို့အိမ်ပြန်၊ တိုက်ပွဲများ ထပ်ဖြစ်
Donate to DVB

ကချင်ပြည်နယ်ထဲမှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား တိုက်ပွဲတွေကြောင့် ဖားကန့်မြို့ပေါ်ကို ထွက်ပြေးခိုလှုံလာခဲ့တဲ့ စစ်ပြေးဒုက္ခသည် တချို့  အောက်တိုဘာ လဆန်းပိုင်း မှာ နေရပ်ပြန်သွားကြပေမယ့် မနေ့က တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။

ဩဂုတ်လလယ်မှာ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့်  ဒုက္ခသည် ၈ ထောင်ကျော်လောက်ဟာ  ဖားကန့် မြို့ပေါ်ရှိ ခရစ်ယာန် ဘုရားကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ လူမှုကယ်ဆယ်ရေး စခန်းဆီကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

ဖားကန့်မြို့ပေါ်မှာ ၂ လကျော်ကြာ ခိုလှုံခဲ့ကြပြီးနောက်  တိုက်ပွဲတွေနည်းသွားတဲ့  ကျေးရွာတွေက ဒုက္ခသည် ၅ ထောင်လောက်ဟာ  အခုလဆန်းပိုင်းကပြီး မူရင်းနေရပ် အသီးသီးကို  ပြန်သွားကြပြီလို့ ဖားကန့်မြို့ခံက ပြောပါတယ်။

“ဒုက္ခသည်တွေက အပိုင်းအမျိုးမျိုးရှိတယ်။ ပြန်ကြတာက ထိတွေ့မှုမရှိတဲ့နေရာကို ပြန်တာ။ ထိတွေ့မှုအနီးဆုံးနေရာတော့ ပြန်လို့မရသေးဘူး။ မှော်ဝန်းကြီး၊ မှော်ဝန်းလေး၊ ဘလက်ခါတို့၊ မျောက်ဖြူတို့၊ ကလောမှော်တို့ ပြန်လို့မရဘူး။ ပြန်လို့ရတဲ့ နယ်မြေက ထိတွေ့မှုနဲ့ အလှမ်းဝေးတဲ့ နေရာပေါ့။ ဖားကန့်မြို့မှာ ဒုက္ခသည်က အခု ၃ ထောင်လောက်ပဲ ရှိတော့တယ်။ တချို့စခန်းတွေလည်း ပိတ်ကုန်ပြီ။ တချို့လည်း ရှိသေးတယ်။ အရင် ၂၀၀၊ ၃၀၀ ရှိရင် အခု ၆၀၊ ၇၀ ပဲရှိတော့တာပေါ့။”

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေဟာ ဖားကန့်မြို့နယ် က မှော်မောင်းလယန်၊ မှော်မောင်ကုန်း၊ အင်ဗလခ၊ တောင်ပြို၊ မျောက်ဖြူ၊ ရှရော်ခ၊ ဆိုင်းဂျာဘွမ်၊ မနား၊ ကလောမှော်၊ ပီကျောင် အစရှိတဲ့ ကျေးရွာပေါင်း ၂၀ ကျော် က ဒေသခံတွေဖြစ်ပါတယ်။

ဒုက္ခသည်တွေလက်ခံထားတဲ့ ခရစ်ယာန် ကတ်သလစ်အသင်းတော်က တရားဟောဆရာ နော်ဂျာကတော့ ပြန်သွားတဲ့ ဒုက္ခသည်တွေဟာ ယာယီပြန်တဲ့သဘောဖြစ်ပြီး သူတို့ရဲ့ သားသမီးနဲ့ အမျိုးသမီးအများစုက စခန်းမှာရှိနေဆဲပဲလို့ ပြောပါတယ်။

“ပြန်တာကတော့ အားလုံး အပြီးပြန်တာမဟုတ်ပါဘူး။ တချို့ဆို တညအိပ်၊ နှစ်ညအိပ် ပြီးတော့ ပြန်လာတာရှိတယ်။ ယောက်ျားလေးတွေက ကျောက်ရှာသွားတဲ့သူရှိတယ်။ ကလေးတွေ၊ အမျိုးသမီးတွေကတော့ စခန်းမှာရှိနေပါတယ်။ တချို့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံဘက်ကတော့ အားလုံးအပြီးပြန်သွားပြီတော့ ပြောတယ်။ ပြန်သွားတာက လွန်ခဲ့တဲ့ အပတ်လောက်က ပြန်သွားတဲ့သူများတယ်။ ခန့်မှန်းခြေပြန်တဲ့သူတွေကတော့ ၂၀၀၀၊ ၃၀၀၀ လောက်ရှိပါမယ်။”

ဒုက္ခသည်တွေ ပြန်သွားချိန်မှာပဲ မနေ့တုန်းက ဖားကန့်မြို့နယ် လုံးခင်းကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲကြောင့် စစ်ပြေး ဒုက္ခသည်တွေတော့ မရောက်လာဘူးလို့ ဖားကန့် မြို့ခံတွေက ပြောပါတယ်။

ကေအိုင်အေနဲ့ အစိုးရတပ်တွေအကြား ၂၀၁၁ ခုနှစ် ဇွန်လပိုင်းကစပြီး ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားရာ ဒေသခံ ၉၀၀၀၀ ခန့် အိုးအိမ် တောင်ယာတွေကို စွန့်ခွာပြီး ထွက်ပြေးခိုလှုံခဲ့ကြရတယ်လို့ ကချင် လူ့အခွင့်အရေး ဆောင်ရွက်နေသူတွေက ထုတ်ပြန်ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013