DVB Logo
Home
မြန်မာသတင်း
ဟံသာဝတီ ဦးဝင်းတင် (၈၉)နှစ်မြောက် မွေးနေ့အမှတ်တရပွဲ ကျင်းပ
DVB
·
March 12, 2019
ဟံသာဝတီ ဦးဝင်းတင် (၈၉)နှစ်မြောက် မွေးနေ့အမှတ်တရပွဲ ကျင်းပ
1 / 8
Donate to DVB

ကွယ်လွန်သူ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ရဲ့ (၈၉) နှစ်မြောက်မွေးနေ့နဲ့ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း (၇) နှစ်ပြည့် အထိမ်းအမှတ်ပွဲကို  ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ ဒီကနေ့ ကျင်းပပါတယ်။

အခမ်းအနားမှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် ကူညီထောက်ပံ့ပေးဖို့ တည်ထောင်ထားတဲ့  ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းအတွက် အလှူရှင်တွေက အလှူငွေ တွေပေးအပ်ခဲ့ကြပါတယ်။

အန်အယ်လ်ဒီပါတီကို စတင်တည်ထောင်ရာမှာ တယောက်အပါအ၀င်ဖြစ်တဲ့ ဦးဝင်းတင် ဟာ ပြည်သူ့သတင်းစာဆရာတစ်ယောက်ဖြစ်သလို ဒီမိုကရေစီ သူရဲကောင်းတဦး အဖြစ်လည်း ထင်ရှားသူဖြစ်ပါတယ်။

ဦးဝင်းတင်ကို အဖ ဦးပု ၊ အမိဒေါ်အမာတို့ကနေ ၁၉၃၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့မှာ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့မှာမွေးဖွားခဲ့ပါတယ်။

ရန်ကုန်မြို့မ အထက်တန်းကျောင်းမှာ ပညာသင်ယူခဲ့ပြီး  ရန်ကုန်တက္ကသိုလ်က အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်းနဲ့ နိုင်ငံရေးသိပ္ပံဘာသာတွဲ ဘွဲ့ကို ၁၉၅၃ ခုနှစ်မှာ ရရှိခဲ့ပါတယ်။

အကျိုးဆောင်ဂျာနယ်မှာ လက်ထောက်အယ်ဒီတာ အဖြစ်ပထမဆုံးလုပ်ကိုင်ခဲ့ပြီး ၁၉၅၃ မှာ အေအက်ဖ်ပီ နိုင်ငံခြားသတင်းဌာနမှာ ညအယ်ဒီတာ လုပ်ခဲ့ပါတယ်။

၁၉၅၄ မှ ၁၉၅၇ အထိ နယ်သာလန်နိုင်ငံမှာ စာနယ်ဇင်းပညာကို ဆည်းပူးခဲ့ပါတယ်။  ၁၉၆၇ ခုနှစ် ကြေးမုံသတင်းစာ စတင်ထူထောင်သူတွေထဲမှာ တယောက်အပါအ၀င် ၁၉၅၉ မှ ၁၉၆၄ အထိ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းခဲ့ပါတယ်။

၁၉၆၉ မှ ၁၉၇၈ အထိ မန္တလေး ဟံသာဝတီသတင်းစာမှာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့ပြီး  ၈၈ အရေးအခင်းကာလက စာနယ်ဇင်းသမဂ္ဂမှာ ဒုဥက္ကဋ္ဌ တာဝန်ကိုယူခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်တဲ့အခါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ အလုပ်အမှုဆောင် အတွင်းရေးမှူး (၁) အဖြစ်တာဝန်ယူခဲ့ပါတယ်။

၁၉၈၉ မှာ ပထမ ထောင်ဒဏ် (၃) နှစ်၊ နောက်ထပ် ထောင်ဒဏ် (၁၁) နောက်ထပ် (၅)နှစ်၊ နောက်ထပ် (၇)နှစ် စသည်ဖြင့် စစ်အစိုးရက အကြောင်းအမျိုးမျိုးပြကာ ထပ်တိုးထောင်ဒဏ်တွေ အကြိမ်ကြိမ်ချမှတ်ခံခဲ့ရပါတယ်။

ပေါ်သစ်၊ ၀င်းတင် ကလောင်အမည်တွေနဲ့ ကွိ၊ ဥတ္တရအလင်း၊ ကမ္ဘာနီတွင်တဒင်္ဂ၊ ခြေတွင်စကား လက်ဖျားကဗျာ မျက်နှာဇာတ်လမ်း၊ တိုက်သုံးဟန်၊ ဘာလဲဟဲ့လူ့ငရဲ စတဲ့ စာအုပ်တွေကို ရေးသားခဲ့ပါတယ်။

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ အသက် (၈၅) နှစ်အရွယ် ၂၀၁၄ ဧပြီလ ၂၁ ရက်နေ့မှာ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး  မတရားတဲ့ အမိန့်အာဏာ မှန်သမျှ ဆန့်ကျင်ကြဆိုတဲ့သူရဲ့ ကြွေးကြော်သံဟာ ဒီနေ့ထိ အသက်ဝင်ဆဲဖြစ်ပါတယ်။

သတင်း - သားကြီးမောင်ဇေယျ၊ ဓာတ်ပုံ-လွင်မှိုင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013