
သဘောတူညီမှု မရရင် အီရန်နဲ့အပစ်အခတ်ရပ်စဲရေးဟာ ဗုဒ္ဓဟူးနေ့မှာ ကုန်ဆုံးမယ်လို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
ဧပြီ ၂၂ ရက်အထိ အပစ်အခတ် ရပ်စဲဖို့ သဘောတူထားတာဖြစ်တဲ့အကြောင်း ထရမ့်ပ်က ဝါရှင်တန်မြို့ကို အပြန်လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။
အီရန်နဲ့ပတ်သက်ပြီး သတင်းကောင်းတွေရှိတယ်လို့ အစောပိုင်းက ပြောခဲ့ပေမဲ့ တိတိကျကျ ပြောဖို့ကိုတော့ ထရမ့်ပ်က ငြင်းခဲ့ပါတယ်။
ထရမ့်ပ်က “ဘာတွေဖြစ်သင့်လည်းဆိုတာ ကျနော်က စဉ်းစားမိရုံပါ။ ဒါကို ခင်ဗျားတို့လည်း ကြားမိမှာပေါ။ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကျနော်တို့ ကြည့်ရမှာပါ”လို့ သတင်းကောင်းဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းချက်ကို ဖြေကြား ခဲ့ပါတယ်။
အပစ်အခတ်ရပ်ဖို့သတ်မှတ်ထားတဲ့နေ့အထိ သဘောတူညီချက် မရဘူးဆိုရင် ဘာလုပ်မလဲဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကိုလည်း ထရမ့်ပ်က အခုလိုဖြေကြားခဲ့ပါတယ်။
“ဘာလုပ်မလဲဆိုတာမသိပါဘူး။ အဲ့ဒီလိုလည်း မဖြစ်နိုင်ပါဘူး။ သဘောတူမှု မရဘူးဆိုရင်တော့ အပစ်ရပ်တဲ့ကာလကို ထပ်ပြီး တိုးချဲ့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပိတ်ဆို့မှုတွေတော့ ကံမကောင်းစွာနဲ့ ဆက်ရှိမှာပါ။ ကျတော်တို့ ဗုံးတွေ ထပ်ပြီး ကျဲရဦးမှာပါ” လို့ ထရမ့်ပ်က ဖြေခဲ့ပါတယ်။
Source:Reuters











