DVB Logo
Home
မြန်မာသတင်း
မြန်မာ့လူ့အခွင့်ရေးကိစ္စ အိုင်စီစီ တင်ရန် မစ္စယန်ဟီးလီ ထပ်မံတောင်းဆို
DVB
·
March 12, 2019
မြန်မာ့လူ့အခွင့်ရေးကိစ္စ အိုင်စီစီ တင်ရန် မစ္စယန်ဟီးလီ ထပ်မံတောင်းဆို
Donate to DVB

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (အိုင်စီစီ)ကို တင်သွင်းဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီက တိုက်တွန်းတောင်းဆိုပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ မတ်လ ၁၁ ရက်က ကျင်းပတဲ့ အကြိမ် ၄၀ မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မစ္စ ယန်ဟီးလီက မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာကို တင်သွင်း တောင်းဆိုလိုက်တာပါ။

မစ္စ ယန်ဟီးလီက မြန်မာ့လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး အိုင်စီစီကို တင်ဖို့ မဖြစ်နိုင်တဲ့အခြေအနေဆိုရင် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ လွတ်လပ်တဲ့ ခုံရုံးတခု ထူထောင်သင့်တယ်လို့လည်း တိုက်တွန်း ပြောသွားပါတယ်။

နိုင်ငံတကာမှာ ရိုဟင်ဂျာတွေရဲ့အခြေအနေဟာပိုဆိုးလာနေတယ်၊ လတ်တလော အိန္ဒိယနဲ့ ဆော်ဒီကနေ ပြန်ပို့ခံရသလို မလေးရှားကို လှေစီးရောက်လာသူတွေလည်း ပြီးခဲ့တဲ့သီတင်းပတ်က  ပြန်ပို့ခံခဲ့ရတယ်လို့လည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရဟာ လာမယ့် ဧပြီလမှာ ရိုဟင်ဂျာဒုက္ခသည် ၂၃၀၀၀ ကို ကော့ဇ်ဘဇား ဒုက္ခသည်စခန်းကနေ ဘင်္ဂလားပင်လယ်အော်ထဲက ဘာရှန်းချာ ကျွန်းဆီ ပို့ဆောင်မယ် ဆိုတဲ့ သတင်းတွေကြားရလို့ သောကရောက်နေရတယ်လို့ မစ္စ ယန်ဟီးလီက ပြောပါတယ်။

ဒုက္ခသည်တွေရဲ့ဆန္ဒမပါဘဲ ရွေ့ပြောင်းတာဟာ ပဋိပက္ခ အသစ်တွေဖန်တီးဖို့ ဖြစ်လာနိုင်တယ်၊ ဒီလို မဖြစ်အောင်လုပ်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရမှာ တာဝန်ရှိတယ်လို့လည်း ပြောသွားပါတယ်။

တပ်မတော်က ၄ လကြာ တဖက်သတ် အပစ်ရပ်ထားတဲ့ ကာလမှာ မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အချင်းချင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကိစ္စကို စိုးရိမ်တယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး  ဒီသီတင်းပတ်ထဲမှာပဲ ရက္ခိုင့်တပ်မတော် (အေအေ)က ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်း ၄ ခုနဲ့  ပလက်ဝက ရဲစခန်းတခုကို တိုက်ခိုက်ခဲ့တယ် ၊ နှစ်ဖက်စလုံး ထိခိုက်သေဆုံးမှု တွေ ရှိခဲ့ပြီး အရပ်သားတွေ ၁၀၀၀၀ လောက်ထိ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရသလို အစိုးရရဲ့ ကန့်သတ်မှုတွေကြောင့် လူသားချင်းစာနာမှုတွေ နည်းနည်းပဲရရှိတယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ် နမ္မတူနဲ့ သီပေါမြို့နယ်ထဲမှာလည်း ဖေဖော်ဝါရီ ၂၇ ရက်နေ့ကတည်းက ရှမ်းလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း တိုက်ပွဲတွေကြောင့် အရပ်သားတွေသေဆုံးမှုရှိခဲ့ပြီး လူပေါင်း ၁၇၀၀ လောက် စစ်ဘေးရှောင် ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အစိုးရက ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ မြေလွတ်မြေလပ် မြေရိုင်းစီမံခန့်ခွဲရေး ဥပဒေ ကြောင့် မြန်မာနိုင်ငံ ကျေးလက်ဒေသမှာနေထိုင်တဲ့ တိုင်းရင်းသားပြည်သူတွေဟာ မြေကျူးကျော်တဲ့ ရာဇ၀တ်မှုတွေနဲ့ တရားစွဲခံရနိုင်တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။

သယံဇာတ အရင်းအမြစ်ရှိတဲ့ နေရာဒေသတွေကနေ တပ်တွေ ရုပ်သိမ်းဖို့နဲ့ သဘာဝ သယံဇာတကရတဲ့ ဘဏ္ဍာငွေတွေကို ခွဲဝေ အသုံးချဖို့လည်း မစ္စယန်ဟီးလီက တိုက်တွန်း ထားပါတယ်။

ထောင်ဒဏ်ကျခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးဟာလည်း ကျန်းမာရေး မကောင်းဘူးလို့  လတ်တလော သတင်းရတဲ့အကြောင်းနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ ကချင် တက်ကြွလှုပ်ရှားသူ Nang Pu ရဲ့ အခြေအနေကိုလည်း အလွန်စိုးရိမ်တဲ့အတွက် ချက်ခြင်းဆေးဝါးကုလသပေးဖို့နဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

ဂျီနီဗာရှိ အမြဲတမ်းကိုယ်စားလှယ်  မြန်မာအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီရဲ့ အစီရင်ခံစာက တဖက်သတ်ဆန်တယ်လို့ ပြောဆို ပယ်ချလိုက်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013