DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်ကြေးရုပ်ကို မတ်လ ၁၇ ရက်နောက်ဆုံးထားပြောင်းရွှေ့ရန် ကရင်နီလူငယ်များ တောင်းဆို
DVB
·
March 12, 2019
ဗိုလ်ချုပ်ကြေးရုပ်ကို မတ်လ ၁၇ ရက်နောက်ဆုံးထားပြောင်းရွှေ့ရန် ကရင်နီလူငယ်များ တောင်းဆို
Donate to DVB

လွိုင်ကော်ပန်းခြံမှာ ထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို  မတ်လ ၁၇ ရက် နောက်ဆုံးထား ရွှေ့ပြောင်းပေးဖို့နဲ့ ဒီကိစ္စကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုနဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့က တာဝန်ယူ ဖြေရှင်းပေးဖို့ ကရင်နီလူငယ်တွေက တောင်းဆိုလိုက်ပါတယ်။

မတ်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပြီး သက်မဲ့ ရုပ်တုထားရှိရေး သက်ရှိ ကရင်နီလူမျိုးတွေရဲ့ သမိုင်းကို စတေးခံမှာမဟုတ်ဘူးကြောင်းနဲ့ ကြေးရုပ်ဖြုတ်သိမ်းရေးနဲ့ ရွှေ့ပြောင်းပေးရေး ဆက်လက်ရပ်တည်သွားမယ်လို့ ကရင်နီပြည်လူငယ်များအင်အားစုက ထုတ်ပြန်ပါတယ်။

ကရင်နီပြည်လူငယ်များအင်အားစုရဲ့ပြောခွင့်ရသူ မရိုစီကျော်က “ကျမတို့ရဲ့ တိုင်းရင်းသားအခွင့်အရေး၊  အမျိုးသားတန်းတူရေးကို လျစ်လျူရှုပြီးတော့မှ ရုပ်တု လာထားခြင်းအားဖြင့် ကျမတို့ တိုင်းရင်းသားတွေရဲ့ ၀ိသေသ လက္ခဏာတွေ မလေးစားရာ ရောက်တယ်လို့ ဖော်ပြတာဖြစ်တယ်။ ဒီအချိန်မှာက ဘယ်ရုပ်တု ထားမလဲဆိုတဲ့ဟာကို မပြောသင့်သေးတဲ့ အချိန်ပေါ့။ ဘာဖြစ်လို့လဲဆိုရင် ကျမတို့ သမိုင်းကြောင်းတွေကို အရင်ဦးဆုံး ဖော်ထုတ်ဖို့လိုအပ်တယ်။ ပြီးရင် တိုင်းရင်းသားတန်းတူရေးနဲ့ အမျိုသားတန်းတူရေးဖော်ဆောင်ဖို့ လိုအပ်နေတဲ့အချိန်၊ ကျမတို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က လတ်တလောမှာက လုံးဝ ငြိမ်းချမ်းမှု စစ်စစ်ကို သွားနေတာလည်းမဟုတ်သေးဘူးပေါ့နော်။ လူတိုင်းလူတိုင်းမှာက သူ့ရဲ့အာဇာနည် သူစံထားရမယ့် လူတွေရှိတယ်ပေါ့နော်။ အခုချိန်မှာထားဖို့ မသင့်သေးဘူးပေါ့။ ”

ဗိုလ်ချုပ်ကြေးရုပ်နဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်အပါအ၀င် ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ ကြေးရုပ်ကန့်ကွက်ရေးကော်မတီတို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး မျှတတဲ့ ဦးရေနဲ့ တလအတွင်း သီးခြားတိုင်ပင်ညှိနှိုင်းဖို့၊ နှစ်ဖက် အပြန်အလှန်ရရှိထားတဲ့ သဘာတူညီချက်တွေကိုသာ အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ သဘောတူခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်မှာတော့ ကြေးရုပ်ဖြစ်မြောက်ရေးကော်မီတီနဲ့ ကန့်ကွက်သူ သူ လူငယ်အင်အားစုအကြားဆွေးနွေးခဲ့ပေမယ့် ကြေးရုပ်ဖြစ်မြောက်ရေးကော်မီတီဘက်က ဖွင့်ပွဲလုပ်ပြီး အစိုးထံကို အပ်နှံထားပြီးဖြစ်လို့ ရုပ်တုနေရာ ပြောင်းရွေ့ဖို့ကိစ္စအစိုးရနဲ့သာ သက်ဆိုင်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဒီနေ့ဟာ ညှိနှိုင်းသဘောတူညီချက်ရတာ တလတင်းတင်းပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။ ဗိုလ်ချုပ် ကြေရုပ်ကိစ္စ  ပြည်နယ်အစိုးရဘက်က ဆောင်ရွက်မှုအခြေအနေကို မေးမြန်းဖို့ကြိုးစားပေမယ့် တာဝန်ခံဖြေကြားမယ့်သူမရှိပါဘူး။

ဌာနေတိုင်းရင်းသားတွေရဲ့ ဆန္ဒအတိုင်းဗိုလ်ချုပ်ကြေးရုပ်တု အမြန်ဆုံးဖယ်ရှားပေးဖို့ ကရင်နီပြည်လူငယ်များ အင်အားစုက မတ်လ ၇ ရက်နေ့က ပြည်ထောင်စုအစိုးရထံ အိတ်ဖွင့်ပေးစာပေးပို့ ခဲ့ပါသေးတယ်။

အဲဒီအိတ်ဖွင့်ပေးစာမှာ အချက် ၁၁ ပါဝင်ပြီး ကြေးရုပ်အမြန်ဆုံးဖယ်ရှားပေးရေးဟာ ပြည်ထောင်စုအစိုးရမှာလည်း တာဝန်ရှိတဲ့အတွက် အိတ်ဖွင့်ပေးတာကို ထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့၊ ကန္တာဟေဝန် ပန်းခြံမှာ ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်ထားခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ဒေသခံ ကရင်နီလူငယ်တွေက လူအင်အား ၃၀၀၀ လောက်နဲ့ ပန်းခြံရှိရာကို ချီတက် ဆန္ဒပြခဲ့ရာမှာ ရဲလုံခြုံရေးတပ်ဖွဲ့တွေက ရာဘာကျည် တွေနဲ့ပစ်ခတ် လူစုခွဲခဲ့လို့ ဆန္ဒပြလူငယ် ၂၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013