DVB Logo
Home
မြန်မာသတင်း
ဒေါ်ခင်ကြည်ကို ဂုဏ်ပြုသည့်အနေဖြင့် မြောင်းမြတွင် သူနာပြုသင်တန်းကျောင်းဆောက်လုပ်
DVB
·
March 12, 2019
ဒေါ်ခင်ကြည်ကို ဂုဏ်ပြုသည့်အနေဖြင့် မြောင်းမြတွင် သူနာပြုသင်တန်းကျောင်းဆောက်လုပ်
Donate to DVB

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ကြီး သီရိသုမ္မသိင်္ဂီ ဒေါ်ခင်ကြည်ကိုဂုဏ်တဲ့အနေနဲ့ ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ သူနာပြုသင်တန်းကျောင်း ဖွင့်လှစ်ဖို့ ရှိနေပါတယ်။

ဒေါ်ခင်ကြည်ရဲ့ ဇာတိမြေဖြစ်တဲ့ မြောင်းမြမြို့မှာ သူနာပြုသင်တန်းကျောင်းကို ၆ လ အတွင်းအပြီးတည်ဆောက်ကာ ဖွင့်လှစ်နိုင်တော့မှာဖြစ်တယ်လို့  မြောင်းမြမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူ ကပြောပါတယ်။

“အဖွားဒေါ်ခင်ကြည်ဆိုတာ ကျနော်တို့က မြောင်းမြမြို့သူတဦးလည်းဖြစ်တယ်။ သူဟာ သူနာပြုတို့ရဲ့ ရှေ့ဆောင်လမ်းပြတဦးလည်းဖြစ်တယ်။ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ မြောင်းမြမှာ အဖွားဒေါ်ခင်ကြည်လို သူနာပြုတွေမွေးထုတ်နိုင်ဖို့ သူနာပြုသင်တန်းကျောင်းဖြစ်အောင် ကြိုးစား ခဲ့ပါတယ်။ ၂၀၁၈ အောက်တိုဘာမှာ ဘတ်ဂျက်ကျတယ်။ ၂၀၁၉ စက်တင်ဘာမှာ အပြီး ဆောက်ရမယ်။ ဆောက်လုပ်ချိန်က ၆ လလောက်ပဲရှိတဲ့အတွက် သတ်မှတ်ချိန်အမီ အပြီး တည်ဆောက်နိုင်ဖို့ ကြိုးစားနေပါတယ်။”

မြန်မာနိုင်ငံမှာ လက်ရှိသူနာပြုလိုအပ်ချက်ဟာ ၄၀၀၀၀ ကျော်ရှိနေပြီး ဧရာဝတီတိုင်းမှာ လည်း သူနာပြုလစ်လပ်မှု ၁၆၀၀ လောက် ရှိနေတာပါ။

ခုလို မြောင်းမြမြို့မှာ သူနာပြုသင်တန်းကျောင်းသစ်ဖွင့်လှစ်လိုက်ပါက နိုင်ငံရဲ့ သူနာပြုလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်သလို နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုနိုင်မယ်လို့  ဒေါက်တာစိုးမိုးသူက ပြောပါတယ်။

မြောင်းမြမြို့ခံ ဦးဝင်းမောင်ကတော့ ''အခုလို အမေဒေါ်ခင်ကြည်ရဲ့ ဇာတိမှာ အမေဒေါ်ခင်ကြည်လို စိတ်ဓာတ်မျိုးနဲ့ အနာဂတ်မှာ သူနာပြုလေးတွေ ထွက်ပေါ်လာနိုင်အောင် မွေးထုတ်ပေးနိုင်တော့မယ်ဆိုတော့ မြို့ခံတယောက်အနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်”လို့ ပြောပါတယ်။

မြောင်းမြမြို့သူ ဒေါ်ခင်ကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူနာပြုသင်တန်းကျောင်း ဆောက်လုပ်ပေးဖို့ အစီအစဉ်ရှိမရှိ ၂၀၁၈ ဖေဖော်ဝါရီ ၆ ရက်ကလွှတ်တော်မှာ ဒေါက်တာစိုးမိုးသူက မေးမြန်းခဲ့ရာမှာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုရံပုံငွေ ကျပ်သိန်းပေါင်း ၃၄၀၀၀ ကျော်နဲ့ ဆောက်လုပ်ခွင့်ရရှိခဲ့တာပါ။

သူနာပြုသင်တန်းကျောင်းမြေနေရာအတွက် လိုအပ်တဲ့မြေ ၅ ဧကကို မြောင်းမြမြို့ ရွှေဗုဒ္ဓာဘုရားအနီးမှာ အရင် စိုက်/မွေးဝန်ကြီးဌာန၊ အလတ်စားစက်မှုလုပ်ငန်းက ပြန်လည်စွန့်လွှတ်တောင်းခံရရှိပြီးဖြစ်ကာ ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေနေရာ အဖြစ်သတ်မှတ်ကာ စက်တင်ဘာလအတွင်း အပြီးတည်ဆောက်ဖို့ အဆောက်အဦ တင်ဒါတွေကို  Lot (၆)ခုခွဲကာ ခေါ်ယူ စတင်ဆောက်လုပ်နေပါတယ်။

ဗိုလ်ချုပ်ကတော် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ကို ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ အဖ ပြည်သူ့လုပ်ငန်းဝန်ထမ်း ဦးမိုးညှင်း၊ အမိ ဒေါ်ဖွားစုတို့ကနေ ၁၉၁၂ ခုနှစ် ဧပြီ ၁၆ ရက် အင်္ဂါနေ့မှာ ဖွားမြင်ခဲ့ပြီး မွေးချင်း ၉ ဦးအနက် သတ္တမမြောက်သမီး ဖြစ်ပါတယ်။

သတင်း- ကျော်စိုးမိုး၊ ဘိုဘို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013