DVB Logo
Home
မြန်မာသတင်း
“အဂတိလိုက်စားမှုကို လုံးဝခွင့်မလွှတ်ဘူး”- ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး (ရုပ်သံ)
DVB
·
March 12, 2019
“အဂတိလိုက်စားမှုကို လုံးဝခွင့်မလွှတ်ဘူး”- ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး (ရုပ်သံ)
Donate to DVB

နိုင်ငံတော်အစိုးရအနေနဲ့ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး လုံးဝခွင့်မလွှတ်ဘူးဆိုတာ နိုင်ငံတော်အကြီးအကဲတွေက ပြောထားပြီး ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ကို အဂတိလိုက်စားမှုဥပဒေနဲ့ အရေးယူပြီးနောက်  နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနချုပ်မှာ မနေ့က မီဒီယာတွေနဲ့ တွေ့ဆုံရာပြောခဲ့တာပါ။

ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “အဂတိလိုက်စားမှုက ပြောထားပြီးသားပါ။ လုံးဝ ခွင့်မလွှတ်ဘူးဆိုတာ ပြောထားတယ်။  လူကြီးတော်တော်များများက ကြုံတဲ့နေရာမှာလည်း ပြောပါတယ်။ သမ္မတကြီး ခရီးစဉ်၊ အတိုင်ပင်ခံခရီးစဉ်၊ နောက် နိုင်ငံရေးဆိုင်ရာ မိန့်ခွန်းတွေမှာလည်း ပြောပါတယ်။ ဒါက အသွင်ကူးပြောင်းရေးမှာ တိုင်းပြည်ထဲမှာ တော်တော်လေးခက်ခဲတဲ့ ကိစ္စဖြစ်ပါတယ်။ ဆိုလိုတာက အဂတိ လုံးဝကင်းစင်တဲ့အနေအထား ရောက်ဖို့ဆိုတာက လူ့အဖွဲ့အစည်းရဲ့ယဉ်ကျေးမှု၊ နောက် စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နေတဲ့ အနေအထားပေါ့။”လို့ ပြောပါတယ်။

ဒါ့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကိုလည်း လုပ်ပိုင်ခွင့်ပေးထားပြီး  အဂတိလိုက်စားမှုတွေ ပပျောက်ဖို့ ဖိဖိစီးစီးကိုင်တွယ်ဆောင်ရွက်နေတယ်လို့လည်းပြောပါတယ်။

“ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို စပြီးတော့ဖွဲ့စည်းတယ်။ ဥပဒေတွေပြဋ္ဌာန်းတယ်။ ဒီဘက်အစိုးရမှာတော့ အထူးသဖြင့် ဦးအောင်ကြည် တာဝန်ယူပြီးတဲ့ နောက်ပိုင်းမှာ တော်တော်လေး ဖိဖိစီးစီးလုပ်တယ်။ အစိုးရက ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ကိုလည်း လုပ်ပိုင်ခွင့်ကို ဥပဒေနဲ့အညီ လွတ်လွတ်လပ်လပ် ပေးထားပြီးဖြစ်တယ်။ ကျန်တဲ့ ကြားထဲကဟာတွေကိုလည်း ကျနော်တို့ သတင်းတွေ ထုတ်ထားပါတယ်။ ဆိုလိုတာက ဒါကိုတော့ ဖိဖိစီးစီးကိုင်တွယ်သွားမယ်။ နောက် ဒါနဲ့ ပတ်သက်လို့ သည်းခံခွင့်လွှတ်တဲ့ မူဝါဒမရှိဘူးဆို တာလည်း ပြောကြားထားပြီးဖြစ်ပါတယ်။ အဲဒီ အတိုင်းလည်း ကျနော်တို့ဆောင်ရွက်သွားဖို့ရှိပါတယ်”လို့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နဲ့ Global Grand Services (GGS) ကုမ္ပဏီက မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နဲ့ ဦးသူရအုံတို့ကို မတ်လ ၁၀ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ထားဝယ်ရဲစခန်းမှာ အမှုဖွင့် အရေးယူခဲ့တာပါ။

ဒ့ါအပြင် ဒေါက်တာလဲ့လဲ့မော်ကို မတ်လ ၁၁ ရက်ကစပြီး ၀န်ကြီးချုပ်တာဝန်ကနေ ရပ်စဲလိုက်ကြောင်းလည်း နိုင်ငံတော်သမ္မတရုံးက တရားဝင် အမိန့်စာထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013