DVB Logo
Home
မြန်မာသတင်း
ကျောက်မဲမြို့နယ်တွင် နေအိမ်ထဲကို သေနတ်သမားက ၀င်ရောက်ပစ်ခတ်၍ လူ ၁ ဦး သေဆုံး
DVB
·
March 12, 2019
ကျောက်မဲမြို့နယ်တွင် နေအိမ်ထဲကို သေနတ်သမားက ၀င်ရောက်ပစ်ခတ်၍ လူ ၁ ဦး သေဆုံး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာမှာ အမည်မသိ သေနတ်သမား က နေအိမ်တအိမ်ထဲ ၀င်ရောက်ပစ်ခတ်လို့  ရွာသား တဦး သေဆုံးသွားပါတယ်။

နောင်ပိန်ကျေးရွာ ရပ်ကွက် ၁ ရှိ အိမ်တအိမ်မှာ မတ်လ ၁၀ရက် ည ၈ နာရီကျော်က ပစ်ခ တ်မှုဖြစ်ပွားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက အကြောင်းကြားလာတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အတူ သွားရောက်စစ်ဆေးရာမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေသူ အမျိုးသားတဦးကို တွေ့ရတယ် လို့ ကျောက်မဲ မြို့နယ်ရဲတပ်ဖွဲ့ ရဲအုပ်သန်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“အိမ်ကတော့ တထပ်တိုက်ပေါ့။ ၀င်းနဲ့ခြံနဲ့ ပါပဲ၊ ကျနော်တို့ရောက်သွားတော့ အပစ်ခံရတဲ့ သူက သေဆုံးနေပြီ။ သေနတ်ဒဏ်ရာက ညာဘက်ရင်အုံမှာ ၂ ချက်၊ ခါးမှာ တချက်၊ ဆေးရုံ ရောက်ပြီး ဆေးစစ်တော့ ပုဆိုးအောက်မှာ နောက်တချက်ထပ်တွေ့တယ်။ စုစုပေါင်း ၄ ချက်ပေါ့။ အခင်းဖြစ်တဲ့ချိန် သေဆုံးသူက အိမ်ရှေ့ကုလားထိုင်မှာ ဖုန်းကြည့်နေတယ်တဲ့  သူ့မိန်းမက အိမ်နောက်ဖေးမှာ ကလေးကို နို့တိုက်နေတယ်။ လေးတန်းကျောင်းသားဖြစ်တဲ့ သားကြီးက ခြံဝင်းထဲမှာ၊ လူ ၂ ယောက်ဆိုင်ကယ်နဲ့ ရောက်လာပြီး တယောက်က အိမ်ရှေ့ကနေစောင့်တယ်။ တယောက်က အိမ်ထဲဝင်သွားတယ်၊ သားက ဧည့်သည်လာတယ်ဖေဖေ လို့ပြောပြီး ဘေးအိမ်မှာ သွားဆော့နေတာတဲ့ အိမ်ရှေ့မှာ သေနတ်သံကြားတော့ မိန်းမကကြောက်ပြီးနောက်ဖေးပေါက်နေ အမျိုးအိမ်ကို ပြေးတော့တာ၊ လူသတ်သမားက ပစ်ပြီး ထွက်ပြေးသွားတဲ့သဘောပဲ။”

သေဆုံးသူဟာ အရောင်းအ၀ယ်လုပ်ကိုင်တဲ့အသက် ၃၃ နှစ်ရှိ သန်းဇော်ထွေး ခေါ်အိုက်ပီး ဖြစ်ပြီး ဇနီးဖြစ်သူမှာ မီးဖွားပြီးတာမကြာသေးလို့  သွေးနုသားနုနဲ့ ထိတ်လန့်နေဆဲမို့ စစ်ဆေးမေးမြန်းလို့ မရသေးပါဘူး။

ဒီအမှုကို  ကျောက်မဲရဲစခန်းမှာ ပုဒ်မ ၃၀၁၊ ၁၁၄ နဲ့ အမှုဖွင့်ထားပြီး အမှုမှန်ပေါ်ပေါက်ဖို့နဲ့ တရားခံတွေ ဖမ်းဆီးရမိဖို့ ကြိုးစားနေတယ်လို့  ရဲအုပ်သန်းထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013