DVB Logo
Home
မြန်မာသတင်း
အာရှစီးပွားဖြစ် အစည်းအဝေးကိုပို့မည့် မြေလွတ်မြေလပ်သဘောထား ထုတ်ပြန်
DVB
·
October 9, 2012
Donate to DVB

အောက်တိုဘာလ ၁၀ ရက်နေ့ ကျင်းပမယ့် ဒုတိယအကြိမ် အာရှစီးပွားဖြစ် စိုက်ပျိုးရေး အစည်းအဝေးကို ပေးပို့မယ့် မြေလွတ်မြေလပ်များစီမံခန့်ခွဲခြင်းဆိုင်ရာ သဘောထား အမြင် ဆွေးနွေးပွဲတခု ရန်ကုန်မှာ ဒီနေ့ကျင်းပခဲ့ပြီး အချက် ၁၀ချက်ပါ သဘောထားကြေညာချက် တရပ် ထုတ်ပြန်လိုက်ပါတယ်။

ဒီဆွေးနွေးပွဲကို ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့က  စီစဉ်ကျင်းပတာဖြစ်ပြီး လယ်ယာမြေအရေး၊ လယ်သမားအရေး ဆောင်ရွက်နေကြသူတွေ၊ ၈၈မျိုးဆက်ကျောင်းသား အဖွဲ့က တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူတွေနဲ့ နိုင်ငံရေးပါတီတချို့က ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေ စုစုပေါင်း ၇၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးကြတဲ့ အကြောင်းအရာတချို့ကို ၈၈ ကျောင်းသားအဖွဲ့က တောင်သူ လယ်သမားရေးရာဆောင်ရွက်နေသူ တဦးဖြစ်တဲ့ ဦးမျိုးသန့်က အခုလို ပြောပါတယ်။

“အဓိကကတော့ ဒေသခံများ မြေယာရယူရန် နည်းဥပဒေများနဲ့အညီ ရေးဆွဲထားသော်လည်း အချို့ အချို့သော ဌာနဆိုင်ရာ ၀န်ထမ်းများနဲ့ ဒေသခံ ၀န်ထမ်းများ၏ အဂတိလိုက်စားမှု ရှိနေခြင်းသည် မြေယာရယူရန် အဓိက အတားအဆီးဖြစ်သဖြင့် တိတိကျကျ ဖော်ထုတ်အရေးယူရန် ဆိုတာတွေ ဆွေးနွေးကြပါတယ်။ သဘာဝပတ်ဝန်းကျင် မထိခိုက်စေဖို့အတွက် အများစု ဆွေးနွေးကြပါတယ်။ လက်ရှိကြုံနေရတဲ့ မြေယာသိမ်းမှုတွေ၊ လယ်ယာမြေ အငြင်းပွားမှုတွေနဲ့ ပတ်သက်တဲ့ ကိစ္စတော်တော်များများမှာလည်း ဌာနဆိုင်ရာနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေ တော်တော်များများက အဂတိ လိုက်စားမှု၊ ဘက်လိုက်မှု တော်တော်များများ ရှိနေတာ တွေ့ခဲ့ရတယ်။ ဒါတွေကိုလည်း ပြဿနာဖြေရှင်းတဲ့နေရာမှာ သူတို့အဂတိလိုက်စားမှုတွေကို အဓိက ဖော်ထုတ် အရေးယူပေးဖို့လည်း အားလုံးက ၀ိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။”

အာရှစီးပွားဖြစ်စိုက်ပျိုးရေး အစည်းအဝေးကို ပေးပို့မယ့် သဘာထားကြေညာချက်ပါ အချက်တွေကတော့ ဒေသတွင်း မြေယာအငြင်းပွားမှုတွေ ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့ အချိန်ကာလအတွင်း အသစ်ထပ်မံ ငှားရမ်းခြင်း ရောင်းချခြင်းတို့ ပြုလုပ်ဆောင်ရွက်ခြင်း မပြုဖို့၊ မြေလွတ်မြေလပ်နဲ့ မြေရိုင်းများပမာဏနဲ့ မြေပုံမြေညွှန်းတို့ကို နေရာဒေသအလိုက် တိုင်းဒေသကြီးနဲ့ ပြည်နယ်များအလိုက် အများပြည်သူကို စာရွက်စာတမ်းကြေး ငွေပေးသွင်းစေပြီး ရယူခွင့်ပေးဖို့နဲ့ ထုတ်ပြန်ပေးဖို့၊ မြေလွတ်မြေလပ်နဲ့ မြေရိုင်းများစီမံခန့်ခွဲရေး နည်းဥပဒေကို အများပြည်သူ သိရှိစေဖို့ နိုင်ငံပိုင်သတင်းဌာနများမှ ထုတ်ပြန်ပေးဖို့၊ နိုင်ငံသား နိုင်ငံခြားသားများအား လုပ်ပိုင်ခွင့်ပေးရာမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေဖို့ စနစ်တကျ စီမံခန့်ခွဲပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒီနေ့အစည်းအဝေးပွဲ တက်ရောက်လာသူတွေ အားလုံး သဘောတူလက်မှတ် ရေးထိုးထားတဲ့ ဒီသဘောထားမှတ်ချက်တွေကို  ရန်ကုန်မြို့မှာ ပြုလုပ်ဖို့ရှိတဲ့ အာရှစီးပွားဖြစ်စိုက်ပျိုးရေး အစည်းအဝေးကို ပေးပို့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013