DVB Logo
Home
မြန်မာသတင်း
ရေဖြူတွင် ဆင်တုပ်ကွေးရောဂါ အစုအပြုံလိုက်ဖြစ်နေ၊ ခြင်နှိမ်နင်းရေးလုပ်ရန် အရေးတကြီး လိုအပ်
DVB
·
March 11, 2019
ရေဖြူတွင် ဆင်တုပ်ကွေးရောဂါ အစုအပြုံလိုက်ဖြစ်နေ၊ ခြင်နှိမ်နင်းရေးလုပ်ရန် အရေးတကြီး လိုအပ်
Donate to DVB

တနင်္သာရီတိုင်း ရေဖြူမြို့နယ်က ရွာတချို့မှာ ဆင်တုပ်ကွေးရောဂါ အစုအလိုက် အပြုံလိုက်ဖြစ်နေပြီး ခြင်နှိမ်နင်းရေးလုပ်ဖို့ အရေးတကြီးလိုနေတယ်လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ဘဝါကမ်းခြေရွာမှာ သံသယဖြစ်စရာ တုပ်ကွေးဖြစ်နေသူတွေကို စစ်ဆေးရာက တွေ့ခဲ့ရတာပါ။

တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပိုးမွှားများမှတဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ နန္ဒဝင်းက “မြို့နယ် ဆရာဝန်ကြီးက ဒီရောဂါကို သံသယရှိလို့ ကျနော့်ကိုလှမ်းခေါ်တာ။ လူနာတော်တော်များများက ဖျားတယ်၊ ပြီးရင် အဆစ်တွေ ကိုက်လာတယ်၊ အင်ပြင်တွေ ထလာတယ်။ ၂ ရက် ၃ ရက်လောက် ကြာပြီးရင် အဖျားကျသွားတယ်။ အဆစ်လေးတွေ ကိုက်တာကျန်ခဲ့တယ်။ ဒါကြောင့် အဖြစ်နိုင်ဆုံး လူနာကို သွေးဖောက်ပြီးတော့ ရန်ကုန်က အမျိုးသားဓာတ်ခွဲခန်းကို ပို့လိုက်တော့ ဆင်တုပ်ကွေးဆိုတဲ့ အဖြေကိုရတယ်” လို့ ပြောပါတယ်။

နေပြည်တော်က ပိုမွှားကျွမ်းကျင်သူတွေလည်း ဆင်းလာပြီး စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီရွာဟာ ရေရှားတာကြောင့် ရေတွေကို ပုံးနဲ့ သိုလှောင်ထားတတ်ကြပြီး ရေပုံးတွေထဲမှာ ပိုးလောက်လမ်းတွေ ပေါက်နေကြတယ်လို့လည်း ပြောပါတယ်။

“ဒီရောဂါက အသက်အန္တရာယ်ဖြစ်တဲ့ အထိတော့ မဟုတ်ဘူး။ လူအများကြီးတော့ ဖြစ်တတ်တယ်။ လူကြီးတွေမှာ အဖြစ်များပြီး အဆစ်အမြစ်ကိုက်တာကတော့ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ ရေများများသောက်ပြီး နေပူထဲမှာ မနေဖို့ လိုတယ်” လို့ ပြောပါတယ်။

ဆင်တုပ်ကွေးဟာ ခြင်ကတဆင့် ကူးစက်တာဖြစ်ပြီး အဲဒီခြင်က သွေးလွန်တုပ်ကွေးရောဂါပိုးကိုလည်း သယ်ဆောင်ပါတယ်။

ဒီခြင်ကို အေဒီးစ် ခြင်ကျားလို့ခေါ်ပြီး ရေကြည်ရေသန့်မှာ နေတတ်သလို နေ့ဘက်မှာမှ ကိုက်တာပါ။

ခြင်ကတဆင့် ကူးစက်တာကြောင့် လူအများအပြားကို ကူးစက်တတ်သလို သွေးလွန်တုပ်ကွေးဖြစ်ဖို့ အလားအလာလည်း ရှိနေတယ်လို့ ဒေါက်တာ နန္ဒဝင်းက ပြောပါတယ်။

“ဆင်တုပ်ကွေးကြောင့်တော့ လူမသေနိုင်ပါဘူး။ ဒါပေမယ့် သွေးလွန်တုပ်ကွေး ဖြစ်လာရင်တော့ အသေအပျောက်ရှိလာနိုင်တယ်။ ခုမတ်လမှာတောင် ခြင်က ဒီလောက်ပေါက်နေရင် မိုးရာသီမှာ ပိုဆိုးမယ်လေ။ ဒါကြောင့် ခြင်ကာကွယ်နှိမ်နင်းရေးလုပ်ဖို့ အရေးကြီးပါတယ်။ ကျနော့်ဆီက ကျန်းမာရေး ဆရာမတွေကလည်း တယောက်က အိမ် ၁၀၀၀၊ ၁၅၀၀ လောက်ကို ပိုးလောက်လမ်း စစ်ဖို့ကလည်း မဖြစ်နိုင်ဘူးဗျ။”

ဒါကြောင့် အိမ်တိုင်း ကိုယ့်ပတ်ဝန်းကျင်ကို သန့်ရှင်းပြီး ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ပြီး လိုအပ်ရင် ကျန်းမာရေးဝန်ထမ်းတွေက ဆေးခတ်ပေးမယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာတော့ လဲရှောင်၊ ထိန်ကြီး၊ ပရဒပ် စတဲ့ နဘုလယ်ဒေသတခုလုံးမှာ တုပ်ကွေးဖြစ်နေသူတွေ ရှိတယ်လို့ ပြောပါတယ်။ ဒီရွာတွေအားလုံးကို ခြင်နှိမ်နင်းရေး လုပ်ထားပြီး ဆေးစိမ်ခြင်ထောင်တွေလည်း ဝေထားပြီလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013