DVB Logo
Home
မြန်မာသတင်း
၁ လအတွင်း သမ္မတထံ တိုင်စာပေါင်း ၁၀၀၀ ကျော် ရောက်ရှိ
DVB
·
October 9, 2012
၁ လအတွင်း သမ္မတထံ တိုင်စာပေါင်း ၁၀၀၀ ကျော် ရောက်ရှိ
Donate to DVB

နိုင်ငံတော်သမ္မတထံ တိုက်ရိုက်စာရေးသားပေးပို့နိုင်တဲ့ သမ္မတရုံးဝက်ဘ်ဆိုဒ် က ပြည်သူ့အသံ ကဏ္ဍကို ဖွင့်လှစ်ခဲ့ပြီး တလလောက်အကြာမှာ စာပေါင်း ၁၀၀၀ ကျော် ရောက်ရှိတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

သမ္မတရုံးဝက်ဘ်ဆိုဒ်က ပြည်သူ့အသံကဏ္ဍကို ဖွင့်လှစ်ထားရာမှာ သမ္မတရုံးအဖွဲ့က စိစစ်တွေ့ရှိရသလောက်  သမ္မတထံ ပေးပို့လာတဲ့ စာတွေထဲမှာ  တိုင်စာ၊ ပစ်စာတွေအပြင် အခုနောက်ပိုင်းမှာ ပြည်ပရောက်မြန်မာတွေထံက အကြံပြုစာတွေ  အလာများတယ်လို့ ဆိုပါတယ်။

တိုင်စာနဲ့ ပစ်စာတွေထဲမှာ ဌာနဆိုင်ရာတွေရဲ့ မတော်မတည့်တဲ့ လုပ်ရပ်တွေကို ရေးသားဖော်ပြ ထားတာများပြီး အကြံပြုစာတွေကတော့ တိုင်းပြုပြည်ပြု ကိစ္စရပ်တွေနဲ့ ပတ်သက်လို့  ပြည်ပရောက် မြန်မာတွေက အင်္ဂလိပ်လို ရေးသားပေးပို့ အကြံပြုထားကြတာလို့လည်း ဆိုပါတယ်။

ဒီစာတွေနဲ့ ပတ်သက်ပြီး သမ္မတရုံးရဲ့ အရေးယူတုံ့ပြန်ဆာင်ရွက်ပုံကို ဦးဇော်ဌေးက “ဒါနဲ့ပတ်သက်ပြီး တာဝန်ပေးတာက သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်ရှိပါတယ်။ စိစစ်ပြီး စိစစ်တယ်ဆိုတာက အချက်အလက်ပြည့်စုံမှုရှိ မရှိ အဲပေါ်မူတည်ပြီး တင်ပြပါတယ်” လို့ ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာမှာ  ဒီကိစ္စ ကိုင်တွယ် ဆောင်ရွက်ပုံနဲ့ပတ်သက်ပြီး ထိုင်းအခြေစိုက်ဗဟုဖွံ့ဖြိုးရေးအဖွဲ့က သုတေသီ ဦးအောင်သူငြိမ်းက အခုလို ပြောပါတယ်။

“ကျနော်သိသလောက်တော့ မွန်ဂိုလီယားမှာ သမ္မတဖြစ်တဲ့သူက ကျနော့်တို့အရင် ကျောင်းတက်တုန်းက သူငယ်ချင်း။ သူသမ္မတဖြစ်တဲ့အခါ ဘာလုပ်လဲဆိုတော့ သူ့အီးမေးလ်ကို တနိုင်ငံလုံးက လူတွေကို ပေးလိုက်တယ်။ အကြံပေးချင်ရင် သူ့ကိုပေး ဒါမျိုးရှိပါတယ်။ နိုင်ငံတော်တော်များများမှာတော့ လူတွေပြောချင်တာတိုင်ချင်တာရှိရင် အဆင့်ဆင့်တိုင်လို့ရတဲ့ စနစ်မျိုးလုပ်ထားပေးတာရှိတယ်။ အရေးယူတာမျိုးလည်း ရှိတယ်။ ထိုင်းနိုင်ငံမှာဆိုရင် အုပ်ချုပ်ရေးဘက်က မှားယွင်းတာတွေဆိုရင် အုပ်ချုပ်ရေးဆိုင်ရာ တရားခုံရုံးဆိုတာရှိတယ်။ အနောက်နိုင်ငံတွေမှာဆိုရင် အုပ်ချုပ်ရေးကိစ္စတွေနဲ့ ပတ်သက်လို့ တရားမမျှတတာ၊ မကျေနပ်တာ ပြောစရာရုံးတွေရှိပါတယ်။ သူတို့က တိုက်ရိုက်အရေးယူကိုင်တွယ်ခွင့်တော့ မရှိဘူး။ သူတို့က တနှစ်လုံးလာတဲ့ အစီရင်ခံစာတွေကို ကြည့်ထားတယ်။ နှစ်ကုန်လို့ အစီရင်ခံစာတွေပြန်ကြည့်တဲ့အခါ လိုအပ်တဲ့ဌာနတွေကို ပြန်ပြီး အကြံပြုစာတွေ ရှိတယ်။ ၀န်ကြီးချုပ်ရုံးတို့၊ သမ္မတရုံးတို့ကို ပြန်ပေးတာလည်းရှိတယ်။ ဒါပေမယ့် ထိုင်းမှာတွေ့တဲ့ အုပ်ချုပ်ရေးဆိုင်ရာခုံရုံးကတော့ တခါတည်း စီရင်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် အာဏာရှိတာ တွေ့ရပါတယ်။”

နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုဒ်ကို ပြီးခဲ့တဲ့ဇွန်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သမ္မတနဲ့ ဒုတိယ သမ္မတရဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ တင်ပေးထားပါတယ်။ ပြည်သူ့အသံကဏ္ဍကို ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်က ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013