DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရွာသား ၂၀၀ ကျော် ယိုးတရုတ်ကို ထွက်ပြေး
DVB
·
March 11, 2019
တိုက်ပွဲကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရွာသား  ၂၀၀ ကျော် ယိုးတရုတ်ကို ထွက်ပြေး
1 / 5
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာအနီး တောင်တန်းတဝိုက်မှာ မတ်လ ၉ ရက်နေ့လောက်က စတင်ပြီး တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ကျေးရွာသား ၂၀၀ ကျော်လောက် ယိုးတရုတ်ကျေးရွာကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။

ယိုးတရုတ်ကျေးရွာကို ထွက်ပြေးရောက်ရှိနေတဲ့ ဗုဒ္ဓေါကျေးရွာသား ဦးညွှန်သိန်းမောင်က “အထက်က လေယာဉ်နဲ့ ပစ်လို့ပြေးလာတာ။ အေအနဲ့ ဖြစ်တာလို့တော့ ပြောသံကြားတယ်။ ဒါပေမဲ့ ကျနော်တို့လည်း အတိကျမပြောနိုင်ဘူး။ ပစ်တာ တစ်ခုပဲသိတယ်။ ဖြစ်တာက နှစ်ရက်၊ သုံးရက်တောင်ရှိနေပြီ။ ပစ်သံတွေ ကြားရတာပေါ့။ နားကန်းနေတာမှ မဟုတ်တာ။ ဟိုးဖက်က အမြှောက်ပစ်သံတွေ ကျိန်း၊ ကျိန်းနဲ့ ကြား နေရတယ်။”လို့ ပြောပါတယ်။

ဗုဒ္ဓေါကျေးရွာသားတွေဟာ လုံခြုံတဲ့ အနေအထား မဟုတ်တော့တာကြောင့် အခုလို ထွက်ပြေးလာကြတာလို့  ထွက်ပြေးလာတဲ့ ဒ်ါဆန်းက ပြောပါတယ်။

“အမြောက်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ချတယ်။ တောင်းတန်းတဝိုက်ကိုပစ်ချတယ်။ အဲဒီတရွာလုံးကြောက်ပြီး ထွက်ပြေးလာကြတယ်။ အဲဒီလက်နက်ကြီးတွေ တောင်တန်းတွေထိတယ်။ အဲဒါကိုမြင်လို့ ရွာကိုထိမှာကြောက်လို့ ထွက်ပြေးလာကြတာ။ အစ်မတို့ အခု ယိုးတရုတ်ကျေးရွာဘုန်းကြီးကျောင်းရောက်နေပြီ၊ အဲဒီအမြောက်သံတွေ ဒီကနေ့ အထိ ကျယ်ကျယ်လောင်လောင်ကြားနေရတယ်။”

အဲဒီစစ်ဘေးရှောင်တွေဟာ ယိုးတရုတ်ကျေးရွာဘုန်းတော်ကြီးကျောင်းမှာ တည်းခိုနေကြတယ်လို့ ကျောင်းထိုင်ဆရာတော် ဦးပညာသီရိက မိန့်ပါတယ်။

“စားရေးသောက်ရေးတွေကို ရွာကဒကာကြီးတွေ ဆန်တွေဘာတွေ တင်ပေးလာကြတယ်။ ငါးတွေ၊ ဟင်းတွေကိုလည်း ဒီကပဲ စီစဉ်ပေးတယ်။ မနက်ပိုင်းကတော့ အပေါက်ဝဘက်ကလည်း ဆန်တွေလာလှူတယ်။ နောက်ပြီးတော့ စစ်တွေကလည်း လာလှူတယ်။ ဟိုတနေ့ကလည်း ပစ်နေတာပဲ။ တနေ့လုံး ဒီနေ့လည်း ပစ်တာပဲ။ လက်နက်ကြီးကတော့ တချိန်လုံး ထုနေတာပဲ။”

အခုလိုပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဒီဗွီဘီကို အကြိမ်ကြိမ်း ဖုန်းဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖုန်းကိုင် ခြင်းမရှိခဲ့ပါဘူး။

အဲဒီလို ဆိုးရွားလာတာကြောင့်လည်း ရခိုင်ပြည်နယ်က မြို့နယ် ၆ ခုလောက်မှာ စစ်ဘေးရှောင် ဒုက္ခသည် ၁ သောင်းထက်မနည်း ရှိနေသလို အရပ်သားတွေ မကြာခဏသေဆုံးတာ၊ ပျောက်ဆုံးတာတွေကိုလည်း မြင်တွေ့နေရပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်မှာပဲ ဆွေးနွေးအဖြေရှာကြဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။

သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013