DVB Logo
Home
မြန်မာသတင်း
တန်းတူအခွင့်အရေးရရန် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီ ကြိုးပမ်းမည်
DVB
·
October 9, 2012
တန်းတူအခွင့်အရေးရရန် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီ ကြိုးပမ်းမည်
Donate to DVB

မြန်မာနိုင်ငံတ၀န်း ပြည်နယ်နဲ့တိုင်း ဒေသကြီးတွေအားလုံးမှာ တန်းတူအခွင့်အရေးရဖို့ ကြိုးပမ်းသွားမယ်လို့ ဒီမိုကရေစီမိတ်ဆွေ  ၁၀ ပါတီက ပြောဆိုလိုက်ပါတယ်။

မနေ့က ရန်ကုန်မှာ ပြုလုပ်တဲ့ ဒီမိုကရေစီမဟာမိတ်  မိတ်ဆွေ ၁၀ ပါတီရဲ့ အစည်းအဝေးမှာ သဘောတူညီခဲ့ကြတယ်လို့ မဟာမိတ်ပါတီဝင်  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေတစ်ပါတီ (အက်စ်အန်ဒီပီ) ဦးစောသန်းမြင့်က ပြောပါတယ်။

“ပြည်နယ်နဲ့တိုင်းအစိုးရအားလုံးဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်၊ ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ကို အပြည့်အ၀ရရမယ်။ ဒါကို စစ်မှန်တဲ့ပြည်ထောင်စုလို့ ကျနော်တို့က ယူဆတယ်။ ဒါကို မနေ့က အစည်းအဝေးမှာ တင်ပြတာ။ စစ်မှန်တဲ့ပြည်ထောင်စုလို့ ပြောနေပြီးတော့ တပြည်ထောင်စနစ်ဖြစ်နေတာကို လုံးဝမကြိုက်ဘူး။ တကယ်စစ်မှန်တဲ့ ပြည်ထောင်စုလို့ မြန်မာအစိုးရအဆက်ဆက် ကြေညာထားတဲ့အတိုင်း အခုအချိန်မှာတော့ စစ်မှန်တဲ့ပြည်ထောင်စုဖြစ်အောင် လုပ်ဖို့အချိန် လိုအပ်လာပြီ၊ ဒါကို ထဲထဲဝင်ဝင် လုပ်ရတော့မယ်။ စစ်မှန်တဲ့ ပြည်ထောင်စုလို့ ခေါ်တဲ့ ဖက်ဒရယ်အရေးကို တစိုက်မတ်မတ်လုပ်တော့မယ်။ ၂၀၁၅-၂၀၂၀ အတွင်းမှာ ဖယ်ဒရယ်ပြည်ထောင်စုစနစ် စစ်စစ်ဖြစ်အောင် အရေးဆိုသွားမယ်၊ တောင်းဆိုသွားမယ်၊ ရအောင်လုပ်သွားပါမယ်။”

ဒါ့အပြင် ဆွေးနွေးပွဲမှာ ဖက်ဒရယ်စနစ် ကျင့်သုံးအကောင်အထည်ဖော်ရေးနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြတဲ့အကြောင်းနဲ့ ဖယ်ဒရယ်စနစ်ဟာ တနိုင်ငံလုံးရှိ တိုင်းနဲ့ပြည်နယ်အတွက် တန်းတူညီမျှတဲ့ အခွင့်အရေးကိုရစေဖို့ တောင်းဆိုတာဖြစ်ပြီး တိုင်းရင်းသား ပြည်နယ်တွေအတွက်သာ တောင်းဆိုတာ မဟုတ်ဘဲ တနိုင်ငံလုံးအတွက် တောင်းဆိုတာဖြစ်လို့ တနိုင်ငံလုံးမှာရှိတဲ့ ပါတီ၊ ပြည်သူတွေနဲ့သက်ဆိုင်ကြောင်းလည်း ဦးစောသန်းမြင့်က ပြောပါတယ်။

ဒီအစည်းအဝေးမှာ  အချိုးကျအမတ်တွေ ရွေးချယ်နိုင်တဲ့ (PR)  ရွေးကောက်ပွဲ စနစ်ကိုလည်း ဆွေးနွေးခဲ့ကြပြီး  ဒီလိုဆွေးနွေးရာမှာ မိတ်ဆွေ ၁၀ ပါတီက သဘောထားတူညီကြတယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

“စစ်မှန်တဲ့ပြည်ထောင်စု၊ လူ့အခွင့်အရေးပြည့်ဝတဲ့ပြည်ထောင်စု၊ တန်းတူညီမျှတဲ့ပြည်ထောင်စု၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ပြည်ထောင်စု ဆိုတာဟာ အားလုံးပေါ်မှာ မူတည်တယ်။ ဒါကို သွားမယ်ဆိုရင် ကျနော်တို့ ငြိမ်းချမ်းရေးကိုအောင်မြင်အောင် အရင်ဆုံးဆောင်ရွက်ဖို့က အဓိကျတယ်ဆိုတာ အားလုံးသဘောတူကြပါတယ်။ ငြိမ်းချမ်းရေးကို အောင်မြင်အောင်လုပ်ဖို့ ဘယ်လိုဘယ်ပုံ ကျနော်တို့ ၁၀ ပါတီက နိုင်ငံတော်အစိုးရနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်နေသူတွေကို ၀ိုင်းကူညီနိုင်မလဲ. ဆိုတာ စဉ်းစားကြပါတယ်။ မကြာခင် ထပ်ဆုံပြီးတဲ့အခါ ၁၀ ပါတီဟာ ကျစ်ကျစ်လျစ်လျစ်နဲ့ သွားမယ့် နိုင်ငံရေးလမ်းကြောင်းတခုကို ထူထောင်ပြီးတော့ ရှေ့ခရီးကို ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စစ်မှန်တဲ့ ပြည်ထောင်စုပေါ်ထွန်းရေး၊ ပါတီအချင်းချင်း မညီညွတ်ဘဲ သွားလို့မရဘူးဆိုတဲ့အမြင်ကို စုစည်း ညီညွတ်စွာနဲ့ သဘောတူညီခဲ့ကြပါတယ်။”

အန်ဒီအက်ဖ်ပါတီ ရုံးရဲ့ အစည်းအဝေးခန်းမမှာ ကျင်းပတဲ့   ဒီအစည်းအဝေးကို  မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီနဲ့ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ပါတီတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013