DVB Logo
Home
မြန်မာသတင်း
တပ်ရွှေ့ခိုင်းသည့်ကိစ္စ ရှမ်းပြည်တပ်မတော်နှင့် အစိုးရ ဆွေးနွေးမည်
DVB
·
October 9, 2012
တပ်ရွှေ့ခိုင်းသည့်ကိစ္စ ရှမ်းပြည်တပ်မတော်နှင့် အစိုးရ ဆွေးနွေးမည်
Donate to DVB

ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSA-SSPP) အဖွဲ့ရဲ့ တပ်စခန်းတခုကို  ရွှေ့ပေးဖို့ ပြည်နယ်အစိုးရက တောင်းဆိုထားတာကို လက်မခံနိုင်တဲ့အတွက် လာမယ့်ရက်ပိုင်းအတွင်း အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ရှမ်းပြည်တပ်မတော်က ပြောပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ဌာနချုပ် ၀မ်ဟိုင်းနဲ့ ၁၀ မိုင် လောက်ကွာဝေးတဲ့ နမ့်ပန်ချောင်းက တာ့ဆမ်ပူး ကူးတို့ဆိပ်အနီး တပ်စွဲထားတဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တပ်တွေကို အောက်တိုဘာလ ၅ ရက်နေ့ နောက်ဆုံးထားပြီး ရွှေ့ပေးဖို့ ရှမ်းပြည်နယ်ဝန်ကြီး စ၀်အောင်မြတ်နဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူတို့က  အောက်တိုဘာ ၄ ရက်နေ့မှာ  အကြောင်းကြားထားတာပါ။

ရှမ်းပြည်တပ်မတော်ကတော့ ဒီနေရာဟာ  စီးပွားရေးမှာရော၊ ဆက်သွယ်ရေးမှာပါ  အရေးပါအရာရောက်တဲ့ စခန်းဖြစ်တဲ့အတွက် ရွှေ့ပြောင်းဖို့ မဖြစ်နိုင်ကြောင်း၊ မနက်ဖြန်မှာ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲနဲ့ လားရှိုးမြို့မှာ တွေ့ဖို့ရှိပြီး ဒီကိစ္စ ဆွေးနွးသွားမယ်လို့ အက်စ်အက်စ်အေမြောက်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“အဓိကက တပ်နေရာချထားရေးပေါ့။ တပ်မဟာ ၃၊ ၆ ဌာနချုပ်နဲ့ တပ်မိသားစုဝင်တွေအတွက် လူအင်အား ၃၅၀၀ ခန့်မှန်းတာပေါ့ နေရာချထားပေးဖို့၊ ပြီးတော့ ဒေသဖွံ့ဖြိုးရေးတွေလုပ်ဖို့၊ နှစ်တိုနှစ်ရှည် သီးနှံပင်တွေ စိုက်ဖို့ အဲဒါ အဓိကထားဆွေးနွေးမှာပါ။”

ဆွေးနွေးပွဲမှာ  ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက အတွင်းရေးမှူး စပ်ခွန်ဆိုင်နဲ့ ဗဟိုကော်မတီဝင် ၈ ဦး အပါအ၀င် စုစုပေါင်း ၁၁ ဦးပါဝင်မှာဖြစ်ပြီး အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကတော့ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့  ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဦးအုန်းမြင့်၊ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ  လားရှိုးမြို့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရွှေလီခန်းမဆောင်မှာ တွေ့ဆုံဖို့ ရှိနေတာပါ။

တွေ့ဆုံတဲ့အခါမှာ အပစ်ခတ်ရပ်သဘောတူထားတဲ့အတိုင်း နှစ်ဘက်တပ်တွေ လိုက်နာဆောင်ရွက်ရေး၊ နောက်ထပ် ရှမ်းတပ်စခန်းတွေပါ ရွှေ့ပြောင်းခြင်းမခံရဖို့၊  ရှမ်းပြည်တပ်မတော်နဲ့ ဆက်စပ်သူလို့ စွပ်စွဲပြီး ရွာသားတွေအပေါ် ဖမ်းဆီးနှိပ်စက်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေ မလုပ်ဖို့ ဆွေးနွေးတင်ပြသွားမယ်လို့ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ကိုယ်စားလှယ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ နေ့ကလည်း အသစ်ခန့်ထားလိုက်တဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

အခုနှစ်ဆန်းပိုင်းက အစိုးရနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အစိုးရတပ်ဘက်က နယ်မြေရှင်းလင်းဖို့၊ တပ်အပြောင်းအလဲလုပ်ဖို့ ဆိုပြီး ရှမ်းပြည်တပ်မတော် တပ်စခန်းတွေ ရွှေ့ခိုင်းရာမှာ မိုင်းအွတ်က ၇ မိုင်စခန်း၊ နမ့်ကိုင်ဖိုတ်နဲ့ တောင်ဟျိုးစခန်း ၃ ခုကို ဆုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။

ရှမ်းပြည်တပ်မတော်ဘက်က မိမိနယ်မြေကာကွယ်ဖို့ အသင့်ပြင်ထားကြောင်း အခု တာ့ဆမ်ပူး ကူးတို့ဆိပ်နေရာကနေ ရှမ်းတပ်တွေဆုတ်ပေးဖို့ အစိုးရက တောင်းဆိုထားတဲ့ သတ်မှတ်ရက် ကျော်လွန်ပေမယ့် အစိုးရတပ်ဘက်က ဖိအားပေးလာတာမျိုး မရှိသေးပါဘူးလို့  အက်စ်အက်စ်အေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013