DVB Logo
Home
မေးမြန်းခန်း
လယ်ယာမြေသိမ်းမှု စုံစမ်းစစ်ဆေးရေးအခြေအနေ မေးမြန်းချက်
DVB
·
October 9, 2012
လယ်ယာမြေသိမ်းမှု စုံစမ်းစစ်ဆေးရေးအခြေအနေ မေးမြန်းချက်
Donate to DVB

ပြီးခဲ့တဲ့ စတုတ္ထအကြိမ်လွှတ်တော်ကနေ လယ်ယာမြေပြဿနာများ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းပေးခဲ့ပါတယ်။ အဖွဲ့ဝင် ၆၀ နဲ့ ဖွဲ့စည်းထားတဲ့  ဒီကော်မရှင်ဟာ လွှတ်တော်ရပ်နားချိန် ၁ လကျော်ကာလအတွင်းမှာ အဖွဲ့ ၉ဖွဲ့ခွဲပြီး တနိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ လယ်သိမ်းယာသိမ်း ကိစ္စရပ်တွေကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။

ဒီနေ့မှာတော့ ရန်ကုန်တိုင်းအတွင်း လယ်ယာမြေပြဿနာတွေ စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာ ပါဝင်တဲ့ ရန်ကုန်တိုင်း အလုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးခိုင်မောင်ရည်ကို သူတို့ရဲ့လယ်မြေစုံစမ်းရေး အခြေအနေ ဆက်သွယ်မေးမြန်းချက်ထားပါတယ်။

စုံစမ်းစစ်ဆေးတဲ့နေရာမှာ ဒီနေ့အထိ အဓိက တွေ့ရှိချက်တွေကို ပြောပြပေးပါလား။

[caption id="attachment_31724" align="alignleft" width="262" caption="ပြည်သူ့လွှတ်တော်အမတ် ဦးခိုင်မောင်ရည်"][/caption]

“အားလုံးကို ခြုံပြောလိုက်မယ်ဆိုရင် လယ်တွေအသိမ်းခံရတဲ့ နောက်ကွယ်မှာက တချို့က ကုမ္ပဏီက သိမ်းတယ်၊ တချို့က တပ်က သိမ်းတယ်၊ တချို့ အစိုးရစီမံကိန်းတွေကြောင့် သိမ်းတယ်။ အဲလိုတွေမှာ လယ်သမားတွေရဲ့ ဖြစ်ချင်တဲ့ဆန္ဒက ကွာခြားမှုလေးတွေရှိတယ်။ တချို့က အကျိုးတူလုပ်ချင်တာ၊ တချို့က ပြန်ရချင်တယ်။ အဲလိုအခြေအနေမျိုးတွေမှာ အခု ကျနော်တို့ ပထမဆုံး ဆောင်ရွက်ရတဲ့ အခြေအနေကတော့ လယ်သမားတွေက ကုမ္ပဏီတွေနဲ့ အကျိုးတူလုပ်ချင်တယ်၊ လုပ်ခွင့်မရဘူး။ တချို့ သုံးနှစ်လေးနှစ်လောက် အလုပ်လက်မဲ့ဖြစ်နေကြရတယ်ဆိုတာမျိုးတွေ လယ်သမားတွေရဲ့ ရင်ဖွင့်သံတွေရော၊ တင်ပြချက်တွေရော သိရပါတယ်။ အဲဒီကြားမှာ ကျနော်တို့က အရင်ဆုံး ညှိလို့ရမယ့်အခြေအနေတခု ဖန်တီးပြီး ညှိပေးလိုက်နိုင်တဲ့အတွက် တဖွဲ့ကတော့ ညှိနှိုင်းမှုနဲ့ အဆင်ပြေသွားမယ်လို့ ယုံကြည်ရသလို၊ နှစ်ရက်သုံးရက်အတွင်း အဲတဖွဲ့တော့ ပြီးသွားလိမ့်မယ်။ ကျန်တဲ့အဖွဲ့တွေအနေနဲ့က အခက်အခဲ ရှိနိုင်သေးတယ်။ သိမ်းတဲ့ပုံစံတွေ မတူတော့။ လယ်ယာမြေဆုံးရှုံးသွားတာ ဥပမာ တချို့က စစ်တပ်က သိမ်းလို့၊ အဲဒါက ဘယ်လောက် သူတို့က သိမ်းတာ ပါဝင်လဲ၊ မပါဝင်ဘူးလဲဆိုတာ ကျနော်တို့ စစ်ဆေးရမယ့်ဟာတွေ မပြီးပြတ်သေးတဲ့အတွက် တိုင်ကြားတဲ့ ပြဿနာက အမြောက်အမြား ရှိပြီးတော့ ဆောင်ရွက်နိုင်မှုအားက နည်းသေးတယ်။”

ရန်ကုန်တိုင်းထဲမှာကို လယ်သိမ်း၊ ယာသိမ်း အမှုပေါင်းက ဘယ်လောက်ရှိလဲ။ ဦးခိုင်မောင်ရည်တို့ ရှင်းလိုက်တာကရော ဘယ်လောက်ရှိလဲ။

“ရန်ကုန်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ဒဂုံအရှေ့ပိုင်း၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်း အဲဒီတ၀ိုက်မှာရှိတဲ့ ကုမ္ပဏီပေါင်း ၁၆ ခုနဲ့ ဖြစ်ပျက်နေတဲ့ လယ်သမားတွေရဲ့ ကိစ္စဖြစ်တဲ့အတွက် ကုမ္ပဏီပေါင်း ၁၆ ခုထဲမှာ ကုမ္ပဏီ ၆ ခုလောက်နဲ့ ပတ်သက်တဲ့ ဇုန် ၁ ကိုပဲ ကျနော်တို့ ရှင်းနိုင်သေးတယ်။ ကျန်တဲ့ ဇုန် ၂၊ ၃၊ ၄၊ ၅ ရှိပါသေးတယ်။ အခု ဇုန် ၁ ထဲမှာပါတဲ့ လယ်သမားနဲ့ ကုမ္ပဏီကိုပဲ ခေါ်ပြီး ပြောနိုင်သေးတဲ့အတွက် အကျိုးတူဆောင်ရွက်မယ်ဆိုတဲ့ ကိစ္စတခုနဲ့ နည်းနည်းပြေလည်မှုတခုရတယ်။ ကျန်တဲ့ ထန်းတပင်တို့၊ မှော်ဘီ၊ တိုက်ကြီး၊ ခရမ်း၊ သုံးခွ၊ ကော့မှူးအပါအ၀င် တခြားမြို့နယ်တွေမှာ အများကြီး ရှိပါသေးတယ်။ အမှုပေါင်းက ရာနဲ့ချီပြီး ရှိနိုင်ပါတယ်။ ဒါပေမယ့် တချို့ဟာတွေကျတော့ ဒေသတွေ တူတဲ့အတွက် ကျနော်တို့က သိမ်းတဲ့ကုမ္ပဏီသော်လည်းကောင်း၊ စစ်တပ်သော်လည်းကောင်း၊ အစိုးရ စီမံကိန်းသော်လည်းကောင်း၊ တခုခုနဲ့ ဖြစ်နေတယ်ဆိုရင် အဲဒီအုပ်စုထဲမှာ အားလုံးကိုခေါ်ပြီး တပြိုင်နက်တည်း ရှင်းနိုင်အောင်၊ အုပ်စုတူရာတူရာ ပေါင်းလိုက်ရင်တော့ ရာနဲ့ချီတဲ့ဟာတွေက ပြန်ပြီး ချုံ့သွားမယ့်သဘောရှိပါတယ်။ ဒါပေမယ့် ရာနဲ့ ချီတာတော့ ရှိပါတယ်။”

စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ တာဝန်က တတ်နိုင်သမျှ ညှိပေးမယ် ၊ ပြေလည်သွားရင်လည်း အိုကေ၊ မပြေလည်ရင် လွှတ်တော်ကို တင်မယ်၊ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူမယ့်သဘောလားခင်ဗျ။

“ဟုတ်ပါတယ်။ လွှတ်တော်က ဆုံးဖြတ်မှာဖြစ်တယ်ဆိုတော့ လွှတ်တော်ကလည်း ကျနော်တို့ကို တခုချင်းတခုချင်းစီ ကိစ္စကို ဘယ်လိုဆုံးဖြတ်မယ် ဆိုတာတောင်မှ စဉ်းစားဆုံးဖြတ်ရတာ ခက်တဲ့အပိုင်းတွေ ရှိပါတယ်။ လွှတ်တော်က ကျနော်တို့ စပြီး အဆိုတင်လာတဲ့အခါမှာတော့ အဆိုတင်တဲ့သူက တဦးတည်းပေါ့။ ဒါပေမယ့် လူအများကြီးနဲ့ ဆွေးနွေးဆုံးဖြတ်ကြတယ်၊ ၄၅ ယောက် ဆွေးနွေးကြတယ်။ အဲတော့ အမှုပေါင်းက ၄၅ ခုရှိတာပေါ့။ ဒါပေမယ့် တချို့ကလည်း အများကြီးကို ဆွေးနွေးသွားတယ်။ အဲဒီအပေါ်တွေမှာ မူတည်ပြီး အမှုတွေ အများကြီးဖြစ်လာတယ်။ အဲဒီအမှုတွေကို လွှတ်တော်က တခုချင်းစီ ဆုံးဖြတ်ပေးမှ ရမယ်လို့လည်း ကျနော်တို့က မြင်တယ်။ ကျနော်တို့က အစီရင်ခံစာ တင်တဲ့အခါမှာ ဒါမျိုးက ကျနော်တို့ဆီမှာ ပထမဆုံး ဆောင်ရွက်ခြင်းဖြစ်တဲ့အတွက် အကောင်းဆုံး ဆောင်ရွက်နိုင်အောင် ကျနော်တို့က စဉ်းစားတဲ့အခါမှာ ပြည်ထောင်စု လွှတ်တော်ကတောင် ဆုံးဖြတ်ချက်ကို ပိုင်းပိုင်းပြီး ချသွားရမယ့် ပုံစံမျိုး ဖြစ်တယ်။ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်၊ အတည်ပြုချက်ကို တခုချင်းစီ သွားရမယ့်သဘော ရှိနိုင်တယ်။ နောက်ပြီးတော့ ပုံစံတွေကလည်း တခုနဲ့တခု ကွဲနိုင်တယ်လို့ ယူဆရပါတယ်။”

ဦးခိုင်မောင်ရည်ပြောပုံအရဆိုရင် လယ်သိမ်းမြေသိမ်း ကိစ္စတွေက နှစ်နဲ့ချီပြီး ရှင်းရမယ့်ကိစ္စ ဖြစ်နေတာပေါ့ခင်ဗျ။

“ဟုတ်ပါတယ်။ ရှေ့က ဖြစ်ခဲ့တာတွေလည်း အများကြီး ဖြစ်ခဲ့တာတွေရယ် ၊ နေရာပေါင်းများစွာမှာ ဖြစ်နေတာတွေရယ်၊ ကျနော်တို့ အဖွဲ့ဖွဲ့ထားတာက ၉ ဖွဲ့ဖွဲ့ထားတယ်ဆိုတာ၊ ၉ ဖွဲ့ကရှိတဲ့ လူဦးရေရဲ့ အားနဲ့ ဒီထဲမှာ စိတ်ပါဝင်စားသူ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် တခြားဒေသမှာ ရှိတဲ့ကိစ္စတွေမှာ မဆောင်ရွက်နိုင်သေးတာ၊ ကျန်နေတာတွေ ရှိသေးတယ်။ ဥပမာ တနင်္သာရီတိုင်းတို့၊ ကယားပြည်နယ်တို့၊ အတော်များများ ကျန်နေသေးတာ ရှိပါတယ်။ ကချင်ပြည်နယ်ဆိုရင်လည်း မလုပ်နိုင်သေးတဲ့ နေရာတွေ ရှိသေးတယ်။ အဲလိုမျိုးကိစ္စတွေမှာ တချို့နေရာတွေမှာ ကျနော်တို့က အထူးကိစ္စရပ်အနေနဲ့ နေရာပေါ်မူတည်ပြီး ချန်ခဲ့ရတာမျိုးတွေလည်း ရှိတယ်။ ပြီးတော့ ဒီအမှုတွေကလည်း ချက်ချင်းမပြီးနိုင်သေးတဲ့အတွက် ကော်မရှင် ကလည်း ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ သက်တမ်း ထပ်တိုးသွားရမှာ ဖြစ်တယ်လို့ ကျနော်တို့က မြင်ထားပါတယ်။ အဲ့အတွက် အလုပ်တွေက ဆက်ဆက်ပြီး လုပ်နေရဦးမယ့် သဘောမှာရှိသလို ပြည်သူတွေရဲ့ တိုင်ကြားစာတွေကိုလည်း ဆက်ဆက်ပြီး လက်ခံရမယ့်သဘောရှိပါတယ်။ တချို့ပြည်သူတွေက တိုင်လို့ တိုင်ရမှန်းမသိသေးတာရယ်၊ ဘယ်ကဆောင်ရွက်ပေးနေတယ်ဆိုတာ မသိသေးတာရယ်၊ ဘယ်ကိုတိုင်ရမယ်ဆိုတာကို မသိသေးတာရယ်နဲ့ အများကြီးကျန်ပါသေးတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013