Homeရုပျသံ
၂ ရက်ကြာ မီးလောင်နေသည့် အထက်မင်းလှမြို့နယ် ရေနံလျှံကျင်းမီး ငြိမ်းသတ်နိုင်ပြီ(ရုပ်သံ)
၂ ရက်ကြာ မီးလောင်နေသည့် အထက်မင်းလှမြို့နယ် ရေနံလျှံကျင်းမီး ငြိမ်းသတ်နိုင်ပြီ(ရုပ်သံ)
DVB
·
March 10, 2019

အထက်မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်မှာ မတ်လ ၈ ရက်နေ့ ညနေက ရေနံလျှံကျင်း မီးလောင်မှုဖြစ်ပွားခဲ့တာကို သံအုပ်ဆောင်းနဲ့အုပ်ပြီး ငြိမ်းသတ်ခဲ့လို့ ဒီနေ့ မနက် ၅ နာရီကျော်က မီးငြိမ်းခဲ့ပါတယ်။
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဒုတိယတိုင်း ဦးစီးမှူး ဦးသန်းနိုင်က "ရေနံမှော်ကို ဝင်တဲ့လမ်းတွေက တလမ်းမောင်းလှည်းလမ်းပုံစံတွေဖြစ်လို့ အဝင်အထွက်ခက်ခဲပြီး မီးသတ်ကား တချို့ အနည်းငယ်ထိခိုက်ပျက်စီးခဲ့တယ်။ ရေနံတွေပန်းထွက်ပြီး လောင်နေလို့ ရွာသားတွေနဲ့ ဝိုင်းဝန်းငြိမ်းသတ်ရာ ရွာမှာ ရေလုံလောက်မှု မရရှိပါဘူး။ နောက်ဆုံး စက်ယန္တရားတွေနဲ့ အုပ်ဆောင်အုပ်ပြီး ဘိုးရိန်းနည်းစနစ်နဲ့ ငြိမ်းသတ်ခဲ့ရတာ” လို့ ဆိုပါတယ်။
မီးလောင်ကျွမ်းရာနေရာကို မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တာဝန်ရှိသူတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရံမီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ ဝန်ထမ်းတွေ ဒေသခံပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတာပါ။
မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးက "သာမာန်ရေ၊ ဆေးရည်တွေနဲ့ ငြိမ်းသတ်လို့ မလွယ်ကူဘဲ၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းက သံအုပ်ဆောင်းနဲ့အုပ်ပြီး ငြိမ်းသတ်ဖို့ ကြိုးစားနေပါတယ်" လို့ ပြောပါတယ်။
ထန်းကိုင်းရေနံမှော်က ရေနံလုပ်သား ဦးဝင်းခင်က "မတ်လ ၈ ရက်နေ့ ညနေက ရေနံဂက်စ် တွေလျှံပြီးလောင်တာပါ။ သံစလောင်း အုပ်လိုက်တဲ့အတွက် ခေတ္တခဏငြိမ်းသွာပြီး ရေနံနဲ့ဂက်စ်တွေ လျှံပြီး ပြန်လောင်နေတာ" လို့ ဆိုပါတယ်။
မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်းက မကွေးမြို့ အောင်မေတ္တာရပ်ကွက်နေ ကျော်သူ(ခ)ကျော်သူရဝင်း ပိုင်တဲ့ ယာခင်းအတွင်းက ရေနံလျှံကျင်းက ရေနံနဲ့ ဂက်စ်တွေ လျှံတက်ရာက မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ရေနံစိမ်း ၅ ပေပါ။ ကျပ် ၅ သိန်းကျော်ဖိုးလောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ ရေနံကျင်းပိုင်ရှင် ကျော်သူ(ခ)ကျော်သူရဝင်းကို မင်းလှမြို့မရဲစခန်းမှာ မီးပေါ့ဆမှု ရာဇတ်သတ်ကြီးပုဒ်မ-၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
အဆိုပါ မီးလောင်မှုကို မီးသတ်ရေသယ်ယဉ် ၁၂ စီး၊ သံအုပ်ဆောင်း စက်ယန္တရားတွေနဲ့ ငြိမ်းသတ်ခဲ့ရာ ဒီနေ့မနက် ၂ နာရီကျော်မှာ မီးညွှန့်ကျိုးပြီး မနက် ၅ နာရီကျော်မှာ မီးအပြီးငြိမ်းသတ်နိုင် ခဲ့တာပါ။
မကွေးတိုင်းဒေသကြီးအတွင်း ပေါက်မြို့နယ် ရေခါး ရေနံမှော်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ တစ်ကြိမ်၊ ဖေဖော်ဝါရီလမှာတကြိမ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်း တရားဝင် ရေနံလက်ယက်တွင်းတိမ်လုပ်ကွက်ပေါင်း ၃၁ ကွက်ရှိပြီး တစ်နှစ်ကို မြေငှားခ အခွန်ငွေ တစ်ဧကကို ကျပ် သုံးသိန်း ပေးဆောင်ကြရတာပါ။
သတင်း-မင်းထီး