DVB Logo
Home
မြန်မာသတင်း
အခြေခံလိုအပ်ချက် ၆ မျိုး ဖြည့်ဆည်းပေးရန် ပြည်သူများ တောင်းဆိုဟု အတိုင်ပင်ခံပြော
DVB
·
March 8, 2019
အခြေခံလိုအပ်ချက် ၆ မျိုး ဖြည့်ဆည်းပေးရန် ပြည်သူများ တောင်းဆိုဟု အတိုင်ပင်ခံပြော
Donate to DVB

မြန်မာနိုင်ငံဒေသအနှံကို လှည်လည်သွားရောက်ရာမှာ  ရေ၊မီး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လယ်ယာပြဿနာ လိုအပ်ချက် ၆ မျိုးကို ဆောင်ရွက်ပေးဖို့ ပြည်သူတွေက တောင်းဆိုတာ တွေ့ရတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

စစ်ကိုင်းတိုင်းခရီးစဉ်အဖြစ် မုံရွာမြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဒီနေ့ မတ်လ ၈ ရက် မနက်ပိုင်းမှာ လေးကျွန်းစကြ်ာ ရပ်တော်မူဘုရားကို သွားရောက်ဖူးမြော်ခဲ့ပြီး နောက် မုံရွာမြို့တော်ခန်းမမှာ ဒေသခံတွေနဲ့တွေ့ဆုံကာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

“ရေအခက်အခဲပြဿနာ၊ လမ်းပန်းဆက်သွယ်ရေးလိုတဲ့ ပြဿနာ၊ လျှပ်စစ်မီးလိုတဲ့ ပြဿနာ၊ ပညာရေးမှာ ပိုပြီးတော့ အထောက်အပံ့လိုတဲ့ ပြဿနာ၊ ကျန်းမာရေးမှာ ပိုပြီးတော့ အထောက်အပံ့လိုတဲ့ ပြဿနာ၊ နောက်ပြီးတော့ လယ်ယာမြေကိစ္စတွေ ဖြေရှင်းရမယ့် ပြဿနာတွေ ဒီ ၆ ခုဟာ ခဏခဏ ထပ်တလဲလဲ ဘယ်ပဲသွားသွား ဒီပြဿနာတွေနဲ့ ရင်ဆိုင်ရတာကို တွေ့ရပါတယ်။”

ဒါ့အပြင် မတူကွဲပြားမှုတွေအကြား ချစ်ချစ်ခင်ခင်နေကြတဲ့အတွက်လည်း ဂုဏ်ယူတဲ့အကြောင်းနဲ့  တိုင်းပြည်အေးချမ်းအောင် ညီညီညွတ်ညွတ် ကြိုးစားကြဖို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်း ပြောပါတယ်။

“မတူကွဲပြားမှုတွေကြား ချစ်ချစ်ခင်ခင် အေးအေးချမ်းချမ်းနေတာကို တွေ့မြင်ရတာ စိတ်ချမ်းသာပြီး ဂုဏ်ယူတယ်။ မတူကွဲပြားမှုတွေကို ညှိနှိုင်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ အေးအေးချမ်းချမ်းဖြစ်အောင် နေနိုင်တဲ့စွမ်းအင်ရှိတယ်ဆိုတာ အားလုံးအတွက် ဂုဏ်ယူ စရာကိစ္စဖြစ်ပါတယ်။ ဆက်ပြီးတော့လည်း ဒီလိုနေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တနေ့ထက် တနေ့ပိုပြီးတော့ အေးချမ်းအောင် ညီညွတ်အောင် ကြိုးစားကြမယ်လို့လည်း ယုံကြည်ပါတယ်။”

ဆက်လက်ပြီး ဒေသခံတွေက ရေ၊ လမ်း၊ ဆေးရုံ၊ မြေယာပြဿနာ စတဲ့ အခြေခံအဆောက်အအုံနဲ့ပတ်သက်တဲ့ အခက်အခဲတွေကိုလည်း တင်ပြခဲ့ပြီး တိုင်းအစိုးရနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့က သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြန်လည်ရှင်းလင်း တင်ပြခဲ့ကြပါတယ်။

မြို့တော်ခန်းမက လူဦးရေအကန့်အသတ်ရှိခဲ့တဲ့အတွက် ခန်းမအပြင်ဖက် လမ်းမပေါ်မှာ ဝင်ခွင့်မရတဲ့ ပြည်သူတွေ ထောင်သောင်းချီလည်း ရှိခဲ့ပါတယ်။ အထဲဝင်ခွင့်၊ တင်ပြခွင့် မရလို့ ဒေါသထွက်သူတွေလည်း ရှိခဲ့ပါသေးတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်ကိုင်းတိုင်းခရီးစဉ်ဟာ သမ္မတဦးဝင်းမြင့်လာတုန်းကလောက်တောင် ပြည်သူတွေကြားမှာ အားရကျေနပ်မှုမရှိဘူးလို့ ပြောဆိုတာတွေလည်း ရှိပါတယ်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကို ဖြုတ်ချပေးဖို့ ပိုစတာကိုင်ဆန္ဒပြသူလည်းရှိခဲ့ပြီး တိုင်ကြားစာ လက်ခံရေးဌာနကတော့  တိုင်ကြားစာ ၃၀၀ နီးပါး လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013