DVB Logo
Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံမူ အခန်း ၁ ပါ ပုဒ်မ ၁၄ ခု ဆွေးနွေးအတည်ပြု
DVB
·
March 8, 2019
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံမူ အခန်း ၁ ပါ ပုဒ်မ ၁၄ ခု ဆွေးနွေးအတည်ပြု
Donate to DVB

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေးမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူများပြဋ္ဌာန်းထားတဲ့ အခန်းမှာပါဝင်တဲ့ ပုဒ်မခွဲ ၁၄ ခုလောက် ဆွေးနွေး အတည်ပြုနိုင်ခဲ့တယ်လို့ ကော်မတီအဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီအစည်းအဝေးကိုတော့ မတ်လ ၇ ရက် မွန်းလွဲပိုင်းက နေပြည်တော်မှာ  ပြုလုပ်ခဲ့တာဖြစ်ပြီး တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေ ကတော့ ပါဝင်ဆွေးနွေးခဲ့ခြင်းမရှိဘဲ မှတ်တမ်းသာရယူခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက “ဒီနေ့ အခန်း ၁ ပုဒ်မ ၁ ကနေ ၁၄ လောက်အထိ ပြီးသွားတယ်။ ဝင်ပြီးမပါတဲ့ သဘောမျိုးဘဲ။ သို့သော်လည်း သူများပါတီတွေ ပြောဆိုတဲ့အပေါ်မှာ မှတ်တမ်းတော့ယူတယ်။ လွှတ်တော်ကြရင်တော့ ဘယ်လိုလုပ်မယ်မသိဘူး။ မှတ်တမ်းတော့ယူတယ်။ ပြင်ဆင်ချက်တင်တာတွေမရှိသလို အခြားပါတီတွေ တင်တဲ့အပေါ်မှာလည်း ဆွေးနွေးတာမရှိဘူး။ ထောက်တာဘဲရှိတယ်။ သို့သော်လည်း မှတ်တမ်းယူတယ်” လို့ ဆိုပါတယ်။

ဝင်ရောက်ဆွေးနွေးခဲ့ခြင်းတဲ့ကိစ္စအပေါ် တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်နဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေကို အတည်ပြုဖို့ မေးမြန်းရာမှာတော့ ပြောရေးဆိုခွင့်ပေးမထားတဲ့အတွက် ဖြေဆိုလိုမရကြောင်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်က  ပြောဆိုခဲ့ပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ တပ်မတော်ပိုင် သတင်းဌာနဖြစ်တဲ့  မြ၀တီသတင်းဌာနကိုသာ သီးသန့်ဖြေဆိုခဲ့ပြီး အခြားသတင်း မီဒီယာတွေကိုတော့ ဖြေကြားပေးခဲ့ခြင်း မရှိပါဘူး။

တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီတို့ ၀င်ရောက်ဆွေးနွေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံပြင်ဆင်ရေးဦးဆောင်ကော်မတီဖွဲ့စည်းဖို့ အရေးကြီး အဆိုတင်သွင်းခဲ့တဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကတော့ “ဒါဟာ သူတို့ရဲ့ ရပ်တည်ချက်ဖြစ်တယ်၊ ပြင်ဆင်ဖို့မရှိတဲ့အတွက်ကြောင့် ဝင်ရောက်ဆွေးနွေးခြင်း မပြုတာ ဖြစ်နိုင်တယ်”လို့ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဦးဆောင်မယ့် ပူးပေါင်းကော်မတီကိုတော့ ပြည်ထောင်စုလွှတ်တော် ဒုနာယက ဦးထွန်းထွန်းဟိန်က ဥက္ကဋ္ဌ တာဝန်ယူကာ ၄၅ ဦးပါဝင်တဲ့ အဖွဲ့အဖြစ်ဖွဲ့စည်းထားတာပါ။

ကော်မတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတခုလုံးကို လေ့လာစိစစ်ပြီး လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းတာနဲ့ ပြင်ဆင်မယ့် ဥပဒေကြမ်းတင်သွင်းတာတွေကို ၅ လအတွင်း အပြီးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013