DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုးယူခံရသည့် ကျွဲနွားများ ပြန်လည်ရရှိရေး ဆောင်ရွက်နေ
DVB
·
March 7, 2019
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုးယူခံရသည့် ကျွဲနွားများ ပြန်လည်ရရှိရေး ဆောင်ရွက်နေ
Donate to DVB

ဘင်္ဂလားဒေ့ရှ်ဘက်ကို ခိုးယူခံခဲ့ရတဲ့  မြန်မာကျွဲနွားတွေ ပြန်လည်ရရှိဖို့အတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောပါတယ်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)က ဦးခင်မောင်လတ်က ဒီကနေ့ လွှတ်တော်မှာ မေးမြန်းခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်သို့ ခိုးယူခြင်းခံရတဲ့ ကျွဲနွားတွေ ပြန်လည်ရရှိရေးနဲ့ ပါဝင်ပတ်သက်တဲ့ သူခိုး၊ ဓားပြတွေ ဖမ်းဆီးရေးအတွက် နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းပြီး အရေးယူ ဆောင်ရွက်ပေး နိုင်ခြင်း ရှိ မရှိ မေးခွန်းကို ပြည်ထဲရေး ဒုဝန်ကြီးက ဖြေကြားခဲ့တာပါ။

“နှစ်နိုင်ငံနယ်စပ်တလျှောက် တပ်မတော်(ရေ)၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့နဲ့ အမှတ်(၁) နယ်ခြားစောင့်ကွပ်ကဲမှုအဖွဲ့တို့က နယ်မြေအေးချမ်းသာယာရေး၊ တရား ဥပဒေစိုးမိုးမှုနဲ့ နိုင်ငံတော် နယ်နိမိတ် ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းကို ခိုးယူခြင်းခံရတဲ့ ကျွဲနွားတွေကို ပြန်လည်ရရှိရေးနဲ့ သူခိုး ဓားပြတွေ ဖမ်းဆီးရရှိနိုင်ရေး တို့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ် စပ်ဆက်ဆံရေးရုံးမှ လည်းကောင်း၊ နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့်အစည်းဝေး၊ နယ်ခြားစောင့်တပ်ဖွဲ့ကွပ်ကဲရေးမှူး အဆင့် အစည်းဝေးတွေမှာ လည်းကောင်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်" လို့ ဗိုလ်ချုပ်အောင်သူက ပြောပါတယ်။

နှစ်နိုင်ငံနယ်စပ်ရေးရာကိစ္စရပ်တွေကို အောက်ခြေ လက်တွေ့အရေးယူ ဆောင်ရွက်နိုင်ဖို့ နှစ်နိုင်ငံ နယ်စပ်အာဏာပိုင်အဖွဲ့အစည်းတွေအကြား ဆက်ဆံရေးယန္တရားအဖြစ် နယ်စပ်ဆက်ဆံရေးရုံး ဖွင့်လှစ် ဆောင်ရွက်နေတယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အတွင်း တိရစ္ဆာန်ခိုးမှု ၃၈ မှုဖြစ်ပွားခဲ့ပြီး ၂၈ မှုကို တရားခံ ကျား ၄၇ ဦးနဲ့အတူ ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့တဲ့အပြင် တရားမ၀င်ကျွဲနွားမှောင်ခို ဖမ်းဆီးအရေးယူမှု ၂၉ မှု၊ တ ရားခံကျား ၁၁၈ ဦးကိုလည်း ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013