DVB Logo
Home
Lead Story
အန်အယ်လ်ဒီ ချေပဂိုးသွင်းနိုင်မလား
DVB
·
March 7, 2019
အန်အယ်လ်ဒီ ချေပဂိုးသွင်းနိုင်မလား
Donate to DVB

၁၉၉၃ ခုနှစ် အမျိုးသားညီလာခံက စတင်ခဲ့တဲ့ ခြေ/ဥကစားပွဲမှာ တပ်မတော်အစိုးရက တဖက်သတ်ဖိကစားပြီး ၂၀၀၈ ခုနှစ်ထဲမှာပဲ အနိုင်ဂိုးသွင်းယူထားခဲ့ပါတယ်။ ဒီကြားထဲ အန်အယ်လ်ဒီဟာ ၁၉၉၅ ခုနှစ်နောက်ပိုင်းကစပြီး အမျိုးသားညီလာခံမှာ အဝါကတ်ပြခံခဲ့ရတယ်။ နောက်ပိုင်း အန်အယ်လ်ဒီမပါဘဲ ဆက်လက်ကျင်းပပြီး တဖက်သတ်အနိုင်ဂိုး အသွင်းခံခဲ့ရတဲ့ ခြေ/ဥကစားပွဲအဖြစ် ပြည်သူတရပ်လုံးက သိရှိ သတ်မှတ်ခဲ့ကြတာပါ။

တကယ်တော့ ၂၀၀၈ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် ကံဆိုးတဲ့နှစ်တခု ဖြစ်ခဲ့တာပါ။ ဒီနှစ်ထဲမှာပဲ နာဂစ်မုန်တိုင်းရဲ့ ညှာတာမှုကင်းမဲ့ခြင်းနဲ့အတူ ဧရာဝတီတိုင်း တခုတည်းမှာပင် လူပေါင်းသိန်းနဲ့ချီ သေဆုံးပျောက်ကွယ်ခဲ့ကြရတယ်။ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံး နစ်နာခဲ့ရတယ်။ ဒါကြောင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီနှစ်ထဲမှာ အတည်မပြုဖို့ ပြည်သူလူထုသာမက နိုင်ငံတကာကပါ တောင်းဆိုခဲ့ကြတာကို အတော်များများ မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲ့ဒီကြားထဲကပဲ အပူမီးနဲ့ အတည်ပြုခဲ့တာကြောင့် ပြည်သူအများစုကတော့ “နာဂစ်ဥပဒေ” အဖြစ် ခေါ်ဝေါ်သမုတ်ခဲ့ကြတယ်။

အမျိုးသားညီလာခံ ကျင်းပတာရော အခြေခံဥပဒေ ရေးဆွဲတာရော အတည်ပြုတာရောဟာ လူထုဆန္ဒနဲ့ ကင်းဝေးခဲ့တာကိုတော့ စစ်အုပ်စု မသိဘဲမနေပါဘူး။ ဒါကြောင့်လည်း သူရဦးရွှေမန်းက “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်ဗိုလ်ချုပ်ကြီးတွေကို အကာကွယ်ပေးဖို့ ရေးဆွဲခဲ့တာဖြစ်တယ်” လို့ ဒီဗွီဘီ ဒီဘိတ်မှာ ဖွင့်ဟဆွေးနွေးခဲ့ဖူးတယ်။

၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်လို့ ပြည်သူကို ကတိပေးတဲ့ အန်အယ်လ်ဒီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ဒီကိစ္စ အသံတိတ်နေရာက မကြာသေးခင်က လွှတ်တော်ကွင်းထဲကနေ ခြေဥကစားပွဲ ဆက်ကစားဖို့ ပြင်ဆင်လိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းတွေ ဆောလျင်စွာ ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတရပ်ကို သင့်တော်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဖို့ လွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်က လွှတ်တော်သို့ တင်သွင်းပြီး ကစားကွက်စလိုက်တာလည်း ဖြစ်ပါတယ်။

ဒီအဆိုပြုချက်ကို တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီတို့က “ဥပဒေနဲ့အညီ ပြင်ဆင်တာ မဟုတ်တဲ့အတွက်” ဆိုတဲ့ အကြောင်းပြချက်နဲ့ အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမယ့် ပြည်ထောင်စုလွှတ်တော်ကတော့ ဒီအဆိုကို မဲခွဲဆုံးဖြတ်ပြီး ထောင်ခံမဲအများစုနဲ့ အတည်ပြုခဲ့ပါတယ်။

အဲဒီလို အန်အယ်လ်ဒီက ပွဲအစ ခရာတုတ်ချိန်ကစပြီး တဖက်အသင်းရဲ့ ဂိုးစည်းနားအထိ ဘောလုံးကို ဆွဲယူသွားပြီး ဂိုးသွင်းဖို့ ချိန်ရွယ်နေစဉ်မှာပဲ ကြံ့ခိုင်ရေးပါတီက ကောင်တာကစားကွက်နဲ့ ဘောလုံးကို ပြန်ဆွဲယူသွားပြီး အမြန်ဂိုးသွင်းနိုင်ဖို့ ဖွဲ့စည်းပုံ ပုဒ်မ ၂၆၁ တခုတည်းကိုပဲ ကွက်ပြင်မယ့် ဥပဒေကြမ်းတခု အမြန်တင်သွင်းလိုက်ပါတယ်။

ခြေဥကစားပွဲ တဖက်နဲ့တဖက် အကြိတ်အနယ် ယှဉ်ပြိုင်နေချိန်မှာပဲ ပြင်ပကနေ အားပေးနေတဲ့ ပွဲကြည့်ပရိသတ် ပြည်သူလူထုရဲ့ အားပေးမှုဟာလည်း တခဲနက် ဖြစ်လာခဲ့တယ်။

တချိန်က အန်အယ်လ်ဒီရဲ့ ကစားကွက်တွေအပေါ် အားမရခဲ့ကြတဲ့ ပရိသတ်လည်း အန်အယ်လ်ဒီနဲ့အတူတွဲလို့ အုတ်အော်သောင်းတင်း ပူးပေါင်းလာခဲ့တာကိုလည်း ရုပ်သံတွေ စာနယ်ဇင်းတွေမှာသာမက ဆိုရှယ်မီဒီယာတွေမှာပါ ပလူပျံနေပါတော့တယ်။

တိုင်းရင်းသားပါတီတွေသာမက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အန်ဂျီအို အဖွဲ့တွေကပါ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အားတက်သရော ပါဝင်လာတာကိုလည်း တွေ့မြင်နေရပါတယ်။

လွှတ်တော်ကစားကွင်းထဲမှာလည်း ကန့်ကွက်မှုတွေကြားက ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီး လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ကော်မတီဖွဲ့စည်းစမှာ တပ်မတော်ကိုယ်စားလှယ်တွေ အမည်စာရင်းတင်သွင်းတာ မရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တပ်မတော်ရော အတိုက်အခံပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေပါ ကော်မတီမှာ ပူးပေါင်းပါဝင်လာခဲ့ကြပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ဖို့ ကော်မတီဖွဲ့တာဟာ ဥပဒေနဲ့မညီဘူးဆိုပြီး အဓိက တာဝန်ရှိတဲ့ လွှတ်တော်နာယကကို ဖြုတ်ချဖို့ ကြိုးစားပြီး တဖက်အသင်းက လူချကစားဖို့ ကြိုးပမ်းတာတွေလည်း ရှိနေပါတယ်။

လက်ရှိ ကစားပွဲအခြေအနေကတော့ ခြေ/ဥပြင်ဆင်ရေးကော်မတီ ဖွဲ့စည်းနိုင်တယ်ဆိုတဲ့ ပထမအစပဲ ရှိပါသေးတယ်။ နောက်ထပ် ကော်မတီမှာ တင်ြပကြ ငြင်းကြ ခုန်ကြ ဆုံးဖြတ်ကြ။ ဥပဒေကြမ်း ပြုစုကြရတဲ့ အဆင့်ဆင့် လုပ်ဆောင်ချက်တွေ ရှိနေဦးမှာပါ။ အခြေခံဥပဒေ ပြင်ဆင်တယ်ဆိုတာလည်း ပြင်ဆင်ရုံနဲ့ မပြီးသေးပါဘူး။ ပယ်ဖျက်သင့်တဲ့ ဥပဒေတွေကိုလည်း ပယ်ဖျက်ကြရမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီနည်းမကျ ရေးဆွဲထားတဲ့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို လုံးဝပယ်ဖျက်ပြီး အသစ်ပြန်ရေးသင့်တယ်၊ လွှတ်တော်ကစားကွင်းထဲကနေ အဓိက အရေးပါတဲ့ ပုဒ်မတွေကို ပြင်ဆင်နိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်ထောက်ပြနေကြတဲ့ ပရိသတ်တွေကလည်း ရှိနေပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ “ဖွဲ့စည်းပုံအခြခံဥပဒေရဲ့ အနှစ်သာရကို မထိမိဖို့လိုတယ်” ဆိုတဲ့ အဆာဟိရှင်ဘွန်း ဂျပန်သတင်းဌာနနဲ့ အင်တာဗျူးကလည်း လူထုစိုးရိမ်စိတ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ခြေ/ဥအနှစ်သာရဆိုတာ ဘာကိုပြောချင်တာလဲ။ ဘယ်အချက်ကို ဆိုလိုတာလဲဆိုတဲ့ အမေးတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

အခုလို ပွဲကစားချိန် ၂ နှစ်လောက်ပဲကျန်ရှိတဲ့ အခြေအနေမျိုးမှာ အင်ပြည့်အားပြည့်ရှိနေတဲ့ အန်အယ်လ်ဒီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကစားပွဲမှာ ပြိုင်ဘက်အသင်းကို ချေပဂိုးတွေ အနိုင်ဂိုးတွေ သွင်းယူနိုင်မလား ဆိုတာကိုတော့ ပရိသတ်တွေ ဆက်လက်စောင့်ကြည့်ကြရဦးမှာ ဖြစ်ကြောင်းပါ…။      ။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013