DVB Logo
Home
မြန်မာသတင်း
အချိန်​အခါမဲ့​ မိုး​ကြောင့် ရခိုင်စစ်ဘေးရှောင်များ အခက်တွေ့
DVB
·
March 7, 2019
အချိန်​အခါမဲ့​ မိုး​ကြောင့် ရခိုင်စစ်ဘေးရှောင်များ အခက်တွေ့
1 / 5
Donate to DVB

ရခိုင်​​ပြည်နယ်အနှံ့အပြားမှာ မတ်​လ ၆ ရက်​​ မနက်​ပိုင်းက  အချိန်​အခါမဟုတ်​ ရွာသွန်းလို့ ရခိုင်​ပြည်​နယ်​အတွင်းရှိ စစ်​​ဘေး​ရှောင်ဒုက္ခသည်တွေ အခက်အခဲတွေ့နေကြပါတယ်။

ကျောက်​​တော်​၊ ပုဏ္ဏားကျွန်း၊ ဘူးသီး​တောင်​နဲ့ ရ​သေ့​တောင်​မြို့နယ်​တွေရှိ စစ်​​​ဘေးရှောင် ဒုက္ခသည်​စခန်းတွေမှာ မိုး​ရေတွေဝင်​​ရောက်​တာ၊ အမိုးအကာ မလုံ​လောက်တာကြောင့် အသုံးအ​ဆောင် ​အဝတ်​အထည်​တွေ မိုးရေစိုကုန်ပြီး ထမင်းချက်​ဖို့လည်း အဆင်​မ​ပြေ ဖြစ်နေကြပါတယ်​။

ပုဏ္ဏားကျွန်းမြို့နယ်​ အထက်​သင်​ပုန်းတန်း ဒုက္ခသည်​စခန်း တာဝန်​ခံ ဦး​သန်းမြင့်​က "မိုးကရွာ​တော့ ဒုက္ခသည်​​တွေထပ်​ပြီး ဒုက္ခ​ရောက်​ကြပြီ​ပေါ့။ ​အ​ဆောက်​အအုံ​တွေက ​မြေထိုင်​၊ အမိုးအကာက မလုံခြုံဆို​တော့ အ၀တ်​အထည်​​တွေ ​​စောင်​တို့ဘာတို့ အကုန်​စိုကုန်​တာ​ပေါ့​လေ။ ​ချက်​ပြုတ်​ရတာကအစ အ​တော်​အခက်​အခဲဖြစ်ပါတယ်​”လို့ပြောပါတယ်။

အချိန်အခါမဟုတ်မိုးကြောင့် အခက်အခဲတွေ့နေရကြတဲ့ ဒုက္ခသည်တွေဟာ နီးစပ်ရာ ကျေးရွာတွေကို သွားရောက်ခိုလှုံနေရတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့မှာက စခန်းသစ်​ကို ​နေရာ​ရွှေ့​ပြောင်းဆဲမို တဲ​တွေက ဖြစ်​သလို ​ဆောက်​ထားကြတာပါ။ အခု​တော့ သည်းသည်းမဲမဲ ရွာတဲ့မိုး​ကြောင့် နီးစပ်​ရာ ဖားကြွယ်​ရွာကို ​ပြေးပြီး ခိုလှုံ​နေကြရပါပြီ။ တချို့လည်း ဘုန်းကြီး​ကျောင်း​တွေမှာ၊ တချို့လည်း ​ကျေးရွားသား​တွေဆီမှာ အကူအညီ​တောင်းပြီး မိုးခို​နေရပါတယ်​။ စားဖို့​သောက်​ဖို့ ပူပင်​​နေရတဲ့အထဲ မိုးကပါ ရွာလာ​တော့ ​နေစရာမရှိ၊ ချက်​ပြတ်​ဖို့ အဆင်​မ​ပြေနဲ့ အရမ်း ဒုက္ခ​တွေ့​နေရပါတယ်​။”

ပုဏ္ဏားကျွန်းမြို့နယ်​မှာ အထက်​သင်​ပုန်းတန်း ဒုက္ခသည်​စခန်းနဲ့ ဖား​ကြွေဒုက္ခသည်​စခန်း နှစ်ခုရှိပြီး အိမ်​​ထောင်​စု ၁၀၇ စု၊ လူဦး​ရေ ၆၃၇ ဦး နေထိုင်နေကြတာပါ။

ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်တွေကို အကူအညီပေးမှုတွေ အားနည်းနေပြီး အကူအညီတွေပေးဖို့ ပြည်​ထောင်​စုအစိုးမှာတာဝန်​ရှိသလို ပြည်​နယ်​​အစိုးရမှာလည်း တာဝန်ရှိတယ်လို့ ရခိုင်​အမျိုးသားပါတီ အ​ထွေ​ထွေအတွင်း​ရေးမှူး ဦး​ထွန်းအောင်​​ကျော်​က ပြောပါတယ်။

"စစ်​​ဘေးဒုက္ခသည်​​တွေ မိုးရာသီမှာအ​တော်​​လေးကို ဒုက္ခ​ရောက်​ကြမှာဖြစ်​တယ်​။ တိုက်​ပွဲ​တွေကလည်း မရပ်​နိုင်​၊ စစ်​​ဘေး​ရှောင်​​တွေကလည်း မူလ သူတို့​နေထိုင်​ရာ​နေရာ​တွေကို ပြန်​နိုင်ဖို့အစား ထပ်​တိုးတိုးလာ​နေတယ်​။ ဒီကိစ္စ​တွေနဲ့ ပတ်​သက်​ပြီး ရခိုင်​အမျိုးသားတခုလုံးကို ကိုယ်​စားပြုတဲ့ ပါတီတခုအ​နေနဲ့ ပြည်​​ထောင်​စု အစိုးရကို​ရော၊ ရခိုင်​ပြည်​နယ်​အစိုးရကို​ရော တင်​ပြထားတာ​တွေရှိတယ်​။ ဒါပေမယ့် သက်​ဆိုင်​ရာတာဝန်​​တွေကို တာဝန်​ယူမှု၊ တာဝန်​ခံမှု အလွန်​အားနည်း​နေတာကို ​တွေ့ရပါတယ်​”

အေ​အေနဲ့ တပ်​မ​တော်​ တိုက်​ပွဲဖြစ်​ပွားတာကြောင့် ကျောက်​​တော်​မြို့နယ်​မှာ စစ်​​ဘေးဒုက္ခသည်​စခန်း ၃ ခု၊ ​မြောက်​ဦးမြို့နယ်​မှာ ၅ ခု အပြင်​ ပုဏ္ဏားကျွန်းမြို့နယ်​မှာ​ ၂ ခု ဘူးသီး​တောင်​မြို့နယ်​မှာ ၃ ခု တို့မှာ ဒုက္ခသည်​ ၇၀၀၀ ​ကျော်​ စစ်​​ဘေးရှောင်နေကြပါတယ်​။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013