
ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းက ကျေးလက်နေပြည်သူတွေ မိုဘိုင်းဖုန်း သုံးနိုင်အောင် ရောင်းပေးဖို့ နည်းလမ်းရှာ အကြံပေးကြဖို့ အဆိုပြုချက်ကို နေပြည်တော် အစည်းအဝေးမှာ ဆွေးနွေးကြတယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာန အင်တာနက် စာမျက်နှာမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့က အစည်းအဝေးမှာ ဆက်သွယ်ရေး ဒုတိယ၀န်ကြီးတွေ၊ စီမံကိန်းရေးဆွဲရေးဌာန ညွှန်ချုပ်၊ ဆက်သွယ်ရေးညွှန်ချုပ်နဲ့ ဦးဆောင်ညွှန်မှူးတွေ၊ ဌာနဆိုင်ရာအကြီးအကဲတွေ၊ ပြည်နယ်နဲ့တိုင်းတွေက မန်နေဂျာတွေ တက်ရောက်ခဲ့ပါတယ်။
ကျေးလက်နေ ပြည်သူတွေ မိုဘိုင်းတယ်လီဖုန်း သုံးနိုင်ရင် မြို့ပြနဲ့ကျေးလက် အလွယ်တကူဆက်သွယ်နိုင်မယ်၊ ကျေးလက်နေပြည်သူတွေ အလုပ်အကိုင်အလွယ်တကူရှာနိုင်မယ်၊ မိုးလေ၀သသတင်းတွေ အချိန်နဲ့ တပြေးညီသိနိုင်မယ်၊ စသဖြင့် အကျိုးကျေးဇူးတွေကို ၀န်ကြီးက ပြောပါတယ်။
ဒီအစည်းအဝေးတွင်းက ဆွေးနွေးချက်တွေကိုတော့ မဖော်ပြပါဘူး။ တကယ်တော့ ကျေးလက်နေ ပြည်သူတွေသာမကဘဲ မြန်မာပြည်မှာ တယ်လီဖုန်း ဆင်းကတ်တခုကို ကျပ်ငွေ ၂ သိန်းနှုန်းနဲ့ မြန်မာ့ဆက်သွယ်ရေးက ဈေးတင်ထားတဲ့ အတွက် မြို့ပြပြည်သူ အနည်းစုသာ ကိုင်တွယ်နိုင်ကြတာပါ။
ကျေးလက်နေပြည်သူတွေ မိုဘိုင်းတယ်လီဖုန်းလိုင်း သုံးစွဲနိုင်ရေးနဲ့ ပတ်သက်လို့ ဆင်းကတ်တခု ကျပ်ငါးထောင်နဲ့ ရရစေမယ်လို့ ကြေညာထားတဲ့ ရွှေပြည်တံခွန်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ဆင်းကတ်ဈေးလျော့ပေးတာ၊ အခမဲ့ပေးလိုက်တာတွေလုပ်လိုက်ရင် ပြေလည် သွားမှာပါလို့ ပြောပါတယ်။
ကျေးလက်တောရွာနေပြည်သူများသာမကဘဲ ဆင်းရဲသားပြည်သူလူထုပါ မကျန် မိုဘိုင်းတယ်လီဖုန်း သုံးစွဲနိုင်ရေးနဲ့ ပတ်သက်လို့ ရွှေပြည်တံခွန်ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦး ကို မေးမြန်းထားချက်ကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။











