DVB Logo
Home
Lead Story
ဖွဲ့စည်းပုံပြင်ဆင်ရေး စစ်ဘောင်ကျယ်စေသည့် ပြင်ဆင်မှုမဖြစ်စေလို (အယ်ဒီတာအာဘော်)
DVB
·
March 6, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေး စစ်ဘောင်ကျယ်စေသည့် ပြင်ဆင်မှုမဖြစ်စေလို (အယ်ဒီတာအာဘော်)
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် ရည်ရွယ်၍ ကြံ့ခိုင်ရေးပါတီက တင်သွင်းထားသည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကိစ္စ လွှတ်တော်၌ သဘောထားကွဲလွဲမှုများ ပြင်းထန်နေသည်။

ဖွဲ့စည်းပုံ ပုဒ်မ ၂၆၁ သည် တခုတည်းပြင်ဆင်၍ မရဘဲ အခြားပုဒ်မများနှင့်ပါ ချိတ်ဆက်နေသဖြင့် သီးခြားပြင်ရန်မသင့်ဘဲ လွှတ်တော်က ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်းဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်၌ ကော်မတီက ယမန်နေ့က အကြံပြုခဲ့သည်။

သို့သော် ယင်းအကြံပြုချက်ကို တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်များက လက်မခံဘဲ ပယ်ချခဲ့သည့်အပြင် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိဟုဆိုကာ ပြည်ထောင်စုလွှတ်တော် နာယကကို တာဝန်မှ ပြန်လည်ရုပ်သိမ်းရန်အထိ ကြံ့ခိုင်ရေးပါတီက ကြိုးပမ်းလာသည်။

တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံသည် စသန္ဓေတည်ကတည်းက အခြေခံမမှန်ခဲ့ပေ။ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များက ရေးဆွဲခဲ့ခြင်းမဟုတ်ဘဲ အာဏာသိမ်း စစ်အစိုးရက မွေးဖွားခဲ့သည့် သန္ဓေသားတခုသဖွယ် ပြည်သူတို့ ရှုမြင်ကြသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် ကြေညာပြီးချိန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်က “တပ်မတော်က အခြေခံဥပဒေကို မရေးဆွဲပါဘူး။ ကျနော်တို့ တရားခံအဖြစ်မခံနိုင်ဘူး။ အနိုင်ရပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကပဲ ရေးဆွဲကြပါ” လို့ ပြောခဲ့သည်။

သို့သော် သူကိုယ်တိုင် အာဏာအသိမ်းခံခဲ့ရပြီး နောက်ပိုင်းမှာတော့ စစ်အစိုးရကပဲ အမျိုးသားညီလာခံကို ဦးဆောင်ကျင်းပကာ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့သည်။ ထို့ကြောင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်အာဏာ ထာဝစဉ်တည်တံ့ရေးနှင့် စစ်ဘောင်ကျယ်စေရန်  အခိုင်အမာချဲ့ထွင် ပန္နက်ရိုက်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ခဲ့ရသည်။

ယင်းသို့ စစ်ဘောင်ကျယ်အောင် ချဲ့လာမည်ကို  ဗိုလ်ချုပ်အောင်ဆန်းက ကြိုမြင်ခဲ့ဟန်ရှိသည်။ ၁၉၄၂ ဇွန်လ ၅ ရက်နေ့စွဲဖြင့် ဘီအိုင်အေတပ်များ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကိစ္စကို ဆောင်ရွက်ခြင်းမပြုရဟု အမိန့်တရပ် ထုတ်ပြန်ခဲ့သည်။ သို့သော် ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး နောက်ပိုင်းကစ၍ မြန်မာပြည်တွင် စစ်ဘောင်ချဲ့ထွင်ရန် အကြောင်းဖန်လာခဲ့သည်။

စစ်ဘောင်ချဲ့ထွင်ခြင်းအစသည် ၁၉၄၉ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်သေနာပတိ စမစ်ဒွန်းနေရာကို ဗိုလ်နေဝင်း ရောက်လာချိန်ကစပြီး ၁၉၅၈ အိမ်စောင့်အစိုးရကာလသည် ဒုတိယအကြိမ်ချဲ့ထွင်ခြင်း ဖြစ်သည်။

၁၉၆၂ အာဏာသိမ်းမှုကတော့ စစ်ဘောင်ချဲ့ထွင်ရုံမက တပြည်လုံး လွှမ်းခြုံလိုက်ပါသည်။ တခါ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကို စစ်တပ်က အာဏာသိမ်းပြီး စစ်ဘောင်ချဲ့ပြန်သည်။   ၁၉၉၃ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို စစ်အစိုးရကပဲ စိတ်ကြိုက်ရေးဆွဲ၍ ၂၀၀၈ ခုနှစ် ပြည်သူများ နာဂစ်မုန်တိုင်းဘေး သင့်နေချိန်တွင် အသက်သွင်းခဲ့သည်။

ယခုတော့ ဤဖွဲ့စည်းပုံကို ပြင်ဆင်ရန် အသံတွေ ထပ်မံပေါ်ထွက်လာပြန်ပါပြီ။ အချိန်အခါကို စောင့်နေသည့် မြန်မာလူထုကလည်း ပူးပေါင်းပါဝင်လာကြသည်။ မြန်မာပြည်အနှံ့အပြားတွင်  ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံ လှုပ်ရှားမှုများ ခြိမ့်ခြိမ့်သဲသဲ လုပ်ဆောင်နေကြသည်။

ယခင်ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုကို လူထုဆန္ဒမဲကောက်ယူရာမှာ ပြည်သူလူထု၏ လက်မှတ်ပေါင်း ၅ သန်းကျော် ရရှိခဲ့ဖူးသည်။ ခေတ်အဆက်ဆက် လူထုဘက်က အမြဲတာဝန်ကျေခဲ့သည်။

ဖွဲ့စည်းပုံကို ပြင်ဆင်ရန် တပ်မတော်ကလည်း မဆန့်ကျင်ပါဟု လက်ရှိတပ်မတော် ခေါင်းဆောင်က ကတိပေးထားသည်။ အခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်မည့်ကိစ္စတွင်လည်း တပ်မတော်က ကြံ့ခိုင်ရေးပါတီနှင့် တသဘောတည်းရှိသည်ဟု အသံထွက်နေသည်။

ထိုသို့ အသံတူထွက်နေသဖြင့် ပုဒ်မ ၂၆၁ ပြင်ဆင်မည့်အပေါ် လူထုသံသယတွေ ပိုလာပြန်သည်။ ဤပုဒ်မပါ ပြဋ္ဌာန်းချက်အရ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်ခန့်အပ်ရေးသည် သမ္မတက ရွေးချယ်ခန့်အပ်မှုအစား ပြည်နယ်နှင့်တိုင်း လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ အများဆုံးရသူက  ဝန်ကြီးချုပ်ကို ရွေးချယ်ခန့်ထားမည့်ပုံစံကို ပြောင်းလဲပြင်ဆင်လိုဟန်ရှိသည်။

ထိုသို့ပြင်ဆင်လိုက်ပါက ပြည်နယ်/တိုင်း ဝန်ကြီးချုပ် ရွေးချယ်သည့်ကိစ္စတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်အသီးသီး၌ ကိုယ်စားလှယ်နေရာ လေးပုံတပုံ အလိုအလျောက်ရထားသည့် တပ်မတော်နှင့် သူနှင့်နီးစပ်သည့် ပါတီတို့၏ သြဇာပိုရှိလာပြီး စစ်ဘောင် ပိုကျယ်လာနိုင်သည်ဟု ဝေဖန်ထောက်ပြမှုများ ရှိနေသည်။

ထို့ကြောင့် စစ်ဘောင်မကျယ်ရအောင် ပုဒ်မ ၂၆၁ ကို ပြင်ဆင်လိုပါက ပုဒ်မ ၂၆(ည) ကိုပါ လုံးဝဖျက်သိမ်းရန်လိုသည်ဟု တိုင်းရင်းသားအဖွဲ့အစည်းတချို့နှင့် ဖွဲ့စည်းပုံလေ့လာသူ ပညာရှင်များက ထောက်ပြကြသည်။

မည်သို့ပင်ဆိုစေကာမူ ဖွဲ့စည်းပုံပြင်ဆင်ရေးသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု အရေး ဖြစ်နေသည်ကတကြောင်း၊ စစ်ဘောင်ကျယ်နေမှုကို ပြန်ချုံ့ပစ်ရန် တာဝန်ရှိနေသည်က တကြောင်းဖြစ်၍ အလွန်သတိပြု ပြင်ဆင်သုံးသပ် လုပ်ဆောင်ကြရမည့်ကိစ္စဖြစ်သည်။

အဓိကထားရမည့်အချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးသည် စစ်ဘောင် ပိုမိုကျယ်စေသည့် ပြင်ဆင်မှုမျိုးမဖြစ်အောင် ဥပဒေပြုသူတို့ အထူးသတိထား ရှောင်ကြဉ်ဖို့ လိုအပ်ကြောင်း ဒီဗွီဘီက တိုက်တွန်းလိုက်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013