DVB Logo
Home
မြန်မာသတင်း
အန်ဂျီအိုများကို မိတ္ထီလာဒေသခံများ လက်မှတ်ရေးထိုး ကန့်ကွက်
DVB
·
March 6, 2019
အန်ဂျီအိုများကို မိတ္ထီလာဒေသခံများ လက်မှတ်ရေးထိုး ကန့်ကွက်
Donate to DVB

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ အန်ဂျီအို၊ အိုင်အန်ဂျီအိုတွေ ရုံးဖွင့်လှစ်တာနဲ့ လှုပ်ရှားဆောင်ရွက်တာတွေကို ကန့်ကွက်ဖို့အတွက် ဒေသခံတချို့က လက်မှတ်ရေးထိုးနေကြ ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်က ဝေယံဘုံသာဘုန်းကြီးကျောင်းမှာ အစည်းအဝေး ပြုလုပ်ခဲ့ပြီး လက်မှတ်ရေးထိုး ကန့်ကွက်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ။

လက်မှတ်ထိုးလှုပ်ရှားမှုမှာ ပါဝင်တဲ့ ကိုဝင်းဇော်က “အခု တော်တော်တည်ငြိမ်တဲ့ အနေအထားကို ရောက်နေတဲ့ အချိန်မှာ တဖက်သတ် ပံ့ပိုးကူညီမှုတွေ ဝင်လာတာနဲ့အမျှ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ဒီအိုင်အန်ဂျီအိုတွေ ဝင်လာတာကို ကျနော်တို့က လက်မခံရခြင်းဖြစ်တယ်။ ရုံးခန်းဖွင့်မယ်၊ ဒီ လှုပ်ရှားမှုတွေ လုပ်မယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေက သေချာပေါက် ဖြစ်လာမှာပဲ” လို့ ပြောပါတယ်။

MA-UK (Myanamar) အဖွဲ့က မိတ္ထီလာမှာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မယူဘဲ ရုံးခန်းဖွင့်ဖို့ ကြိုးစားတာကြောင့် အခုလို ကန့်ကွက်ဖို့ ဖြစ်လာတာလို့လည်း သူက ဆက်ပြောပါတယ်။

ဗြိတိန်နိုင်ငံ အခြေစိုက် MA-UK ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတယောက်က သူတို့အနေနဲ့ ချမ်းအေးသာယာရပ်ကွက်မှာလိုအပ်နေတဲ့ ရေမြောင်းတွေ လုပ်ဖို့ စီစဉ်နေတာပဲ ရှိတယ်လို့ ပြောပါတယ်။

“ကျနော်တို့လုပ်မယ့် အစီအစဉ်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တင်ပြတယ်။ ပြီးတော့ သူအပါအဝင် လုပ်ငန်းကြီးကြပ်ရေး ကော်မတီဖွဲ့တယ်။ ဒီကော်မတီကနေ မြို့နယ် အုပ်ချုပ်ရေးမှူး ကို စာနဲ့ တင်ပြတယ်။ မြို့နယ်အုပ်ချုပ်ရေးပိုင်းကနေ စည်ပင်ဆီက သဘောထားမှတ်ချက် တောင်းတဲ့အခါ စည်ပင်ကနေ အဲဒီနေရာနဲ့ လုပ်မယ့် ပုံစံတွေကို ကွင်းဆင်းစစ်ဆေးပြီး ရေမြောင်းလုပ်သင့်ပါကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြန်တင်ပြတယ်။ ဒါပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးက သူ့အနေနဲ့ ခွင့်ပြုပေးလို့ မရဘူးပြောလို့ မန္တလေးတိုင်း အစိုးရကို တင်ပြထားပါတယ်” လို့ ပြောပါတယ်။

ဒီရပ်ကွက်ဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ နေထိုင်ကြတာ ဖြစ်ပြီး ၂၀၁၃ ခုနှစ်က မီးရှို့ခံခဲ့ရလို့ ပြီးခဲ့တဲ့နှစ်ပိုင်းကမှ အလှူရှင်တွေကနေ နေအိမ်တွေ ပြန်ဆောက် ပေးထားတာ ဖြစ်ပါတယ်။

ချမ်းအေးသာယာရပ်ကွက်မှာနေထိုင်တဲ့ ဗုဒ္ဓဘာသာဝင်တယောက်က “ဒီ MA-UK အဖွဲ့က ကျနော်တို့ ဒုက္ခသည်စခန်းမှာ ရှိကတည်းက ကူညီလာတာ။ အခုလည်း လိုအပ်တာကို လုပ်ပေးမှာ။ ကျနော်တို့မှာ မိုးရွာရင် သေတ္တာတွေ ရွှေ့ပြီးနေရတာတွေ ရှိတယ်။ ကျနော်တို့ ရပ်ကွက်က လူတွေကြားမှာတော့ ဘာပြဿနာမှ မရှိပါဘူး။” လို့ ပြောပါတယ်။

အရင်ကလည်း မိတ္ထီလာမှာ အန်ဂျီအိုတချို့ ရုံးခန်းဖွင့်ဖို့ ကြိုးစားခဲ့ပေမယ့် ဒေသခံတွေက ကန့်ကွက်လို့ ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013