
ရန်ကုန်စည်ပင်ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းမှာ မြို့နယ်တိုင်း ပြင်ဆင်၊ဖြည့်စွက်ဖို့ လျှောက်ထားတာတွေရှိတဲ့အတွက် ပြည်သူ စိတ်ဝင်စားမှုရှိလာပြီလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဇင်မင်းလှိုင်က ပြောပါတယ်။
“ပြည်သူ စိတ်ဝင်စားမှုရှိလာပါပြီ။ မြို့နယ်တိုင်း ပြင်ဆင်၊ဖြည့်စွက်ဖို့ လျှောက်ထားတာတွေ ကြည့်ခြင်းအားဖြင့် စိတ်ဝင်စားလို့သာ ဒါတွေ လုပ်ကြတာပါ။ အရင်ကတော့ မဲဆွယ် စည်းရုံးရေး ကလည်း မစသေးတော့ ကိုယ်စားလှယ်တွေကိုလည်း မသိတော့ စိတ်မဝင်စားသလို ရှိတာမျိုးပါ။ ခုက ဆိုင်းဘုတ်တွေ၊ ဗီနိုင်းတွေလည်း ထောင်လာကြတော့ စိတ်ဝင်စားလာပါပြီး။ မဲစာရင်းကပ် ပေးတာကတော့ ရက်ထပ်တိုးဖို့ မရှိပါဘူး။ ပြင်ဆင် ဖြည့်စွက်ဖို့ မနေ့က မမီလိုက်ကြရင်တော့ ဒီရက်ပိုင်းတွေမှာ ဆက်ပြီး မြို့နယ်ရုံးတွေကို အကူညီတောင်းပြီး လုပ်လို့ရပါတယ်။”လို့  ပြောပါတယ်။
ရန်ကုန်စည်ပင်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို ရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ် ၃၃ မြို့နယ်က ရပ်ကျေး ကော်မရှင်ရုံးတွေမှာ ဖေဖော်ဝါရီ ၂၇ ရက်ကနေ မတ်လ ၅ရက်အထိ ကြေညာပေးခဲ့တာပါ။
မတ်လ ၃၁ ရက်မှာ ပြုလုပ်မယ့် စည်ပင်ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီး သူတိုင်းကို မဲပေးခွင့်ပြုထားပါတယ်။ ကော်မရှင်ရဲ့ထုတ်ပြန်ချက်အရ မြို့နယ် ၃၃ ခုမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃.၄ သန်းကျော်ရှိ ပါတယ်။











