DVB Logo
Home
Lead Story
အရပ်ထဲက ကချေသည် မနှင်းဆီ
DVB
·
March 6, 2019
အရပ်ထဲက ကချေသည် မနှင်းဆီ
1 / 3
Donate to DVB

ဝါသနာပါရာ အကပညာနဲ့ ဈေးတကာကိုလှည့်ပြီး ဝမ်းစာရှာနေရတဲ့ မနှင်းဆီကို ရန်ကုန် လှိုင်သာယာမြို့နယ်ထဲက ဈေးတွေထဲမှာ မသိတဲ့သူက ခပ်ရှားရှားပါ။

ရင်ထဲကအပူတွေနဲ့ သောကတွေကို ဖုံးပြီး လူတကာရှေ့မှာ အပြုံးမပျက် ကပြပေမယ့် မနှင်းဆီရဲ့ရင်ထဲမှာတော့ အိမ်မှာကျန်နေခဲ့တဲ့ ဉာဏ်ရည်မမီ ၈ နှစ်အရွယ် သမီးလေးအတွက် စိုးရိမ်ပူပန်မှုတွေ လောင်မြိုက်နေတာပါ။

“ကျမက သူ့အတွက်ပဲ စိုးရိမ်ပူပန်နေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ ဉာဏ်ရည်မမီတာက တမျိုး၊ ပြောတဲ့စကားကိုလည်း နားမလည်တာကတမျိုး၊ သူ့ရဲ့ကျန်းမာရေးကြောင့်ပဲ ကျမတို့မှာ စိတ်ပူပင်သောကဆိုလို့ သူ့တယောက်ပဲ ရှိပါတယ်။ ကျန်တဲ့သူ ဘယ်သူ့ကိုမှ မစိုးရိမ်ပါဘူး” လို့ မနှင်းဆီက ပြောပါတယ်။

မနှင်းဆီတယောက် ၅၈ နှစ်အရွယ် ရောက်နေပြီဖြစ်လို့ ဇရာကလည်း ထောင်းနေပြီး စိတ်သွားတိုင်းလည်း ကိုယ်ကမပါတော့လို့ ကဟန်တွေက လေးလံနေပါပြီ။

ဒါပေမယ့် မြူးကြွတဲ့တေးသံတွေကို အလိုက်သင့်ကနေတဲ့ မနှင်းဆီရဲ့ ဖျော်ဖြေမှုကို ဈေးသူဈေးသားတွေက သဘောကျကြတယ်။ မနှင်းဆီကပြတဲ့ နေရာတိုင်းမှာ သူ့ကိုအားပေးတဲ့ ပရိသတ်တွေလည်း အမြဲလိုလို စည်ကားနေပါတယ်။

“ဈေးသူဈေးသားတွေက အဲဒီရပ်ကွက်ထဲမှာရှိတဲ့အခါကျတော့ ကိုယ်ကတာ မြင်ဖူးတဲ့ အခါကျတော့ ငါတို့လမ်းထဲကို လာကပေးဦး။ ငါတို့မိသားစုတွေကြည့်မယ်။ ကိုယ်ပြင်ထားတဲ့ အဝတ်စားနဲ့ သီချင်းနဲ့ ကပြတယ်” လို့ ပြောပါတယ်။

ညနေပိုင်းတွေမှာ လှိုင်သာယာမြို့နယ်ထဲက ဈေးတွေနဲ့ လမ်းမတွေပေါ်မှာ သီချင်းတပုဒ်ကို ၁၀၀၀ ကျပ်နှုန်းနဲ့ ကပြဖျော်ဖြေပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေတဲ့ မနှင်းဆီကို တချို့တချို့သော အမျိုးသားတွေက အမျိုးသမီးတယောက်ရဲ့ ကာအိနြေ္ဒကို ပျက်ပြားစေတဲ့အထိ နှောင့်ယှက်တာတွေကိုလည်း ခံခဲ့ရတယ်လို့ မနှင်းဆီက ပြောပါတယ်။

“သူတို့က အခြောက်မှတ်လို့ ကျမကနေတုန်းကို ကျမတင်ပါးကို ရိုက်လို့ ပြဿနာတွေ ရှင်းခဲ့ရပါတယ်။ မူးတဲ့သူကလည်း နောက်ချင်ပြောင်ချင်တယ်။ ပြောင်တဲ့နောက်တဲ့ဒဏ်ကို ကျမ ခံနိုင်သလောက်တော့ သည်းခံခဲ့ပါတယ်။ ဒါပေမယ့် ကျမရဲ့ဘဝမှာ လူအသေခံနိုင်တယ်၊ အမည်အသေမခံနိုင်ဘူး” လို့ မနှင်းဆီက ပြောပါတယ်။

မနှင်းဆီတယောက် ပစ္စုပ္ပန်မှာ ခက်ခဲတဲ့ အတားအဆီးတွေကို ရင်ဆိုင်နေရသလို သူ့ရဲ့ ငယ်ဘဝကလည်း ချောမွေ့ခဲ့တာတော့ မဟုတ်ခဲ့ပါ။ ဆယ်ကျော်သက်အရွယ်မှာ ကျန်းမာရေး မကောင်းတဲ့ ဖခင်ဖြစ်သူရဲ့ ဆေးဖိုးရဖို့ ရရာအလုပ်ကို လုပ်ကိုင်ခဲ့ရတယ်။ လမ်းမတွေပေါ်မှာ ရှောက်သီးဆေးပြားရောင်းပြီး ကပြနေတဲ့ မိန်းမလျာတွေရဲ့အလုပ်ကို အကဝါသနာပါတဲ့ မနှင်းဆီ တယောက် စိတ်ဝင်စားခဲ့ရာကနေ လမ်းတကာလှည့်ပြီး ကပြတဲ့ ရှောက်သီးဆေးပြားသည်လေး မနှင်းဆီ ဘဝကို ခံယူခဲ့တယ်။

နောက်ပိုင်းမှာတော့ ဇာတ်သဘင်လောကနဲ့ အဆက်အသွယ်ရပြီး ရောင်စုံမီးတွေအောက်မှာ ကပြတဲ့ သဘင်သည်မလေး မနှင်းဆီဘဝကို ရောက်ရှိသွားပြန်တယ်။

နာမည်ကြီးဇာတ်တွေထဲမှာ ကျရာဇာတ်ရုပ်တွေကို သရုပ်ဆောင်ခဲ့ပေမယ့် နာမည်ကြီး မင်းသမီး ဖြစ်ချင်တဲ့ မနှင်းဆီရဲ့ ဆန္ဒတွေကတော့ မပြည့်ဝခဲ့ပါဘူး။

ပညာအရည်အချင်းမရှိ ဆင်းရဲနွမ်းပါးလို့ စင်ပေါ်တက်ဖို့ ကိုယ့်မှာ အင်အားမရှိတဲ့ အတွက်ကြောင့် အခုလိုမျိုး လမ်းဘေးမှာပဲ စွန့်စားပြီး ကရတယ်လို့လည်း မနှင်းဆီက ပြောပါတယ်။

ဒီလိုနဲ့ မနှင်းဆီဟာ တမြို့ဝင်တမြို့ထွက် တရွာဝင်တရွာထွက် ကပြဖျော်ဖြေရင်း ဝါသနာတူ အမျိုးသားတဦးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။

သားသမီးငါးယောက်ထွန်းကားပြီး မနှင်းဆီတို့ ဇနီးမောင်နှံ အမြဲလိုလို ပူပန်နေရတဲ့ သမီးလေးကတော့ အငယ်ဆုံးပါ။ ၂၀၀၄ ခုနှစ်လောက်မှာ မနှင်းဆီတို့ဇနီးမောင်နှံ ဇာတ်သဘင်လောကကို ကျောခိုင်းပြီး သူတို့မိသားစုတတွေ နယ်တကာလှည့်ပြီး တက်ကျွမ်းရာ အနုပညာလေးနဲ့ ကပြဖျော်ဖြေရင်း လှိုင်သာယာမြို့နယ်ထဲကို လွန်ခဲ့တဲ့ ၈ လဝန်းကျင်က ရောက်လာခဲ့တာပါ။

ခင်ပွန်းဖြစ်သူက ရန်ကုန်မြို့ထဲ စက်ဘီးတစီးနဲ့လှည့်ပြီး ဖိနပ်ချုပ်၊ ဓားသွေးတဲ့ အလုပ်ကိုလုပ်ရင်း သူတို့စားဝတ်နေရေးကို ဖြေရှင်းနေရတယ်။

မနှင်းဆီရဲ့အမျိုးသား ကိုအေးကျင်က “နေ့တိုင်းတော့ ရပါတယ်။ ကြိုးစားရင် ကြိုးစားသလောက် ရပါတယ်။ တခြားအလုပ်ကတော့ ကျနော် ဘာအလုပ်မှမလုပ်ဘူး။ မလုပ်ဘူးဆိုတာက သူများအလုပ်ကို မလုပ်တတ်တာ” လို့ ပြောပါတယ်။

လှိုင်သာယာမြို့နယ်ထဲမှာ မနှင်းဆီတို့ မိသားစု ၃ ယောက်ဟာ ၁၀ ပေပတ်လည် အခန်းထဲမှာ တလ ၃ သောင်းနဲ့ ငှားရမ်းနေထိုင်နေကြတာပါ။ မနှင်းဆီတို့ ဇနီးမောင်နှံ ရရာအလုပ်ကိုလုပ်ရင်း ဉာဏ်ရည်မမီတဲ့ သမီးလေးအတွက် နေစရာတခု ပိုင်ဆိုင်နိုင်ရေးဆိုတဲ့ ဆန္ဒက သူ့အတွက် အကြီးမားဆုံးဆန္ဒ ဖြစ်နေတာပါ။

ကိုယ့်အမည်တောင် ကိုယ်မရေးတတ်ရှာတဲ့ မနှင်းဆီတယောက် သူမရဲ့သမီးကို ပညာတတ်တယောက် ဖြစ်စေချင်ပေမယ့် ဉာဏ်ရည်မမီတာကြောင့် အခုချိန်ထိ ကျောင်းလည်းမထားနိုင်တဲ့ အခြေအနေပါ။ ကြုံရာအလုပ်လုပ်ပြီး စားဝတ်နေရေး ဖြေရှင်းနေရတဲ့သူတွေမို့ ကလေးကို ဆေးဝါးကုသမှုတွေလည်း ကောင်းကောင်း လုပ်မပေးနိုင်ပါဘူး။ နေ့စဉ်နေ့တိုင်း သူတို့ဇနီးမောင်နှံ သူတို့သမီးလေး နောင်ရေးအတွက် အမြဲလိုလို သောကရောက်နေရှာတယ်။

“ကျနော့်သမီးလေး ဘဝကတော့ ကျနော်တို့ဘဝ ရှေ့ရေးပေါ့။ တကယ်လို့များ မျက်စိမမှိတ်ခင်လေးမှာ သူကောင်းကောင်းမွန်မွန် နေသားထိုင်သား ကျသွားရင် ဝမ်းသာပါတယ်” လို့ ကိုအေးကျင်က ပြောပါတယ်။

လမ်းတွေပေါ်မှာ လိုက်လံဖျော်ဖြေတဲ့ မနှင်းဆီရဲ့ တနေ့ဝင်ငွေဟာ ကျပ်တသောင်း ဝန်းကျင်လောက် ရှိပါတယ်။ အကမထွက်နိုင်တဲ့ နေ့တွေဆိုရင်တော့ သူ့အမျိုးသားရဲ့ ဝင်ငွေကိုပဲ မှီခိုနေရတာပါ။

မနှင်းဆီအတွက်တော့ သမီးငယ်နဲ့ မိသားစုအတွက် သောကတွေက အမြဲရှိနေပေမယ့် ဘဝရပ်တည်ရေးအတွက် လှိုင်သာယာဈေးတွေထဲမှာ နေ့စဉ်လှည့်လည်ပြီး ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် ဆက်လက်ဖျော်ဖြေပေးနေရဦးမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013