DVB Logo
Home
မြန်မာသတင်း
စစ်တိုက်နေသည့် ရှမ်းလက်နက်ကိုင် ၂ဖွဲ့အကြား စေ့စပ်ပေးမည့် အဖွဲ့ ဖွဲ့ရန်အဆိုပြု
DVB
·
March 6, 2019
စစ်တိုက်နေသည့် ရှမ်းလက်နက်ကိုင် ၂ဖွဲ့အကြား စေ့စပ်ပေးမည့် အဖွဲ့ ဖွဲ့ရန်အဆိုပြု
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်ထဲမှာ ဖြစ်ပွားနေတဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့ အချင်းချင်းအကြား ထိတွေ့ပစ်ခတ်မှုချုပ်ငြိမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးမယ့် အဖွဲ့ဖွဲ့စည်းဖို့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ RCSS က ရှမ်းသံဃာတွေကို လျှောက်ထားခဲ့ပါတယ်။

ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် ကျောက်မဲခရိုင် သီပေါမြို့နယ်နဲ့ နမ္မတူမြို့နယ်က ရွာသားတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ရှမ်းသံဃာတော်နဲ့ ရှမ်းပြ ည်သူ လူတွေကလည်း တိုက်ပွဲရပ်ကာ တွေ့ဆုံဆွေးနွေးကြဖို့ နှစ်ဘက်တပ်ကို တောင်းဆိုထား တာပါ။

တိုက်ပွဲတွေကြောင့် ရှမ်းတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွှတ်ရေးကို အထူးစိုးရိမ်ပြီး သံဃာတော်နဲ့ ပြည်သူတို့က ကြားဝင်စေ့စပ်ပေးဖို့ SSPP က ထုတ်ပြန်ခဲ့တာကြောင့် RCSS အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက ရှမ်းသံဃာတော်နဲ့ ပြည်သူတွေပါဝင်တဲ့ ကြားနေအဖွဲ့ဖွဲ့စည်းဖို့ လျှောက်ထားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းငင်းကဒီဗွီဘီကို ပြောပါတယ်။

“နှစ်ဘက်တပ်ကြား  ပဋိပက္ခချုပ်ငြိမ်းဖို့ ပြီးခဲ့တဲ့လကုန်ပိုင်းကဘဲ ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာတော်များအဖွဲ့ချုပ်ကို  လျှောက်ထားခဲ့ပြီးပါပြီ၊ သံဃာတော်များဘက်ကလည်း ပြည်သူနဲ့ သံဃာကိုယ်စားလှယ်တွေပါတဲ့ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ဖွဲ့မယ်၊  ပထမဆင့်အနေနဲ့ နှစ်ဘက်တပ်ဆီကို လူခွဲပြီးသွားဆွေးနွေးမယ်၊ အဲဒီမှာ အောင်မြင်ရင် နှစ်ဘက်တပ်ကိုယ်စားလှယ်တွေ တွေ့ဆုံစေမယ်” လို့ ဒုဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ SSA/SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန်ကတော့ ဘယ်သူပဲ ကြားဝင်စေ့စပ်ပါစေ အောင်မြင်ဖို့ကအဓိကဖြစ်ကြောင်း ၊ ဒါပေမယ့် ပြဿနာရဲ့ အရင်းခံကို မဆွေးနွေးဘဲ အပေါ်ယံသာ ပြောဆိုဆွေးနွေးမယ်ဆိုရင် ပြေလည်မယ်မထင်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ် ။

“ဘယ်သူပဲစေ့စပ်စေ့စပ်အောင်မြင်ဖို့ကအဓိကပါ၊ မဆွေးနွေးရသေးပဲနဲ့ ဟိုဟာမေ ဆွးနွေးရ ဒီဟာ မဆွေးနွေးရဘူးဆိုတော့ဒါကဟန်ပြဆွေးနွေးပွဲပဲ ဖြစ်သွားမှာကို စိုးရိမ်ပါတယ်။ ရေရှည်သွားနိုင်မယ့် ရလဒ်ထွက်လာပါ့မလားပေါ့။ အပြုသဘောသုံးသပ်ပြတာပါ၊ တကယ်ပြဿနာ အရင်းခံကို မဆွေးနွေးရဲရင် အပေါ်ယံလေးပြောဆိုဆွေးနွေးရင် ပြေလည်နိုင်မယ်လို့ မထင်ဘူးဗျ။  အဓိကက နယ်မြေကိစ္စနဲ့ အဖွဲ့အစည်းကိစ္စကို မဆွေးနွေးရဘူးဆိုတာလေ  ဒါက မဟာကြိုတင်တားမြစ်ချက်ပါပဲ”

RCSS ဟာအစိုးရနဲ့ တနိုင်ငံလုံးပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ)မှာ ပါဝင် လက်မှတ်ရေးထိုးထားပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် SSPP ကတော့ အန်စီအေ လက်မှတ် မထိုးရသေးပါဘူး။

SSPP/SSA လှုပ်ရှားနေတဲ့ နယ်မြေတွေဘက်ကို ၀င်ရောက်လာလို့ တိုက်ပွဲဖြစ်ရတာလို့ SSPP ကပြောသလို RCSSကလည်း သူတို့နဲ့ SSPP/SSA အကြားနယ်မြေပိုင်းခြားမှု သဘောတူညီချက်တစုံတရာ မရှိခဲ့လို့ ရှမ်းပြည်နယ်ထဲ ဘယ်နေရာမဆို သွားလာခွင့်ရှိရမယ်လို့ ဒီဗွီဘီကို ပြောခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013