DVB Logo
Home
မြန်မာသတင်း
မြောက်ဦးမြို့နယ်တွင် ရွာသားများနေအိမ်သော့ပိတ်၍  မြို့ပေါ်တိမ်းရှောင်
DVB
·
March 5, 2019
မြောက်ဦးမြို့နယ်တွင် ရွာသားများနေအိမ်သော့ပိတ်၍  မြို့ပေါ်တိမ်းရှောင်
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေညှင်း​တောင်​ကျေးရွာက  ရွာသားတွေဟာ ရွာလုံးကျွတ်နီးပါး နေအိမ်တွေသော့ပိတ်ပြီး မြောက်ဦးမြို့ပေါ်ကို တိမ်းရှောင်လာနေကြတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

လေညှင်းတောင်ကျေးရွာအနီးကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ တပ်မ ၂၂ က တပ်မတော်စစ်ကြောင်း တခုက လာရောက်ပြီး အခြေချနေထိုင်နေတာကြောင့် တိုက်ပွဲတွေဖြစ်မှာကို စိုးရိမ်ပြီး ဒေသခံတွေက ရွာမှာမနေထိုင်ရဲကြတော့ဘဲ မြောက်ဦးမြို့နဲ့ နီးစပ်ရာကို ထွက်ပြေးလာကြတာလို့ ကျေးရွာသားတွေ ကပြောပါတယ်။

လေညှင်းတောင်ကျေးရွာက ဦးမောင်စိန်ဝင်းက “ကျနော်တို့ ရသေ့တောင်မြို့နယ်တွေက မင်းဖူးကျေးရွာလို၊ သမီးလှကျေးရွာလိုဖြစ်မှာကို ကြောက်ပါတယ်။ ရွာနားမှာ တပ်မ ၂၂စစ်ကြောင်း ရောက်နေတာ ၃ ရက်လောက်ရှိနေပြီ။ အဲ့ဒါကြောင့် မြောက်ဦးမြို့ကို ထွက်ပြေးလာကြတာ။ မနေ့ကထွက်ပြေးတဲ့သူလည်းရှိတယ်။ ဒီကနေ့ မနက်ပိုင်း တော်တော်ထွက်ပြေးလာကြတယ်။ ရွာက လူနည်းစုပဲကျန်တော့တယ်။ ထွက်ပြေးလာကြတဲ့ အားလုံး စုစုပေါင်း ဆိုရင် ၄၀၀ က နေ ၅၀၀ အထိ ရှိတယ်’” လို့ပြောပါတယ်။

လေညှင်းတောင်ကျေးရွာအနီးမှာ အေအေ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့   တပ်မတော်တို့ အကြား လတ်တလော တိုက်ပွဲတွေ ဖြစ်ပွားတာတော့ မရှိသေးပါဘူး။

လေညှင်းတောင်ကျေးရွာကျန်နေခဲ့တဲ့ ဦးမောင်ဘုချေက ”ရွာအနီးအနားမှာတော့ တိုက်ပွဲ တွေ ဖြစ်တာတော့ မရှိသေးဘူး။ ဒါပေမယ့် ပြဿနာတစုံတရာဖြစ်လာမလားပေါ့လေ။ အဲ့ဒါ ကြောင့် ထွက်ပြေးသွားကြတယ်။ အသက်ကြီးပိုင်တွေရော၊ မိန်းကလေးတွေရော။ ကလေးတွေ ရော အကုန်ပါတယ်ဗျ။ အခုက ရွာမှာလူတွေ မရှိသလောက်ပါဘဲ။ ဒီမှာ အားလုံးကြောက်လန့် နေကြတာ”လို့ ပြောပါတယ်။

လေညှင်းတောင်းကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး တိမ်းရှောင်လာသူတွေဟာ မြောက်ဦးမြို့ပေါ်နဲ့ နီးစပ်ရာဆွေမျိုးတွေရဲ့ နေအိမ်တွေမှာ သွားရောက်ခိုလှုံနေကြပါတယ်။

သတင်း- ဝဏ္ဏခွာညို၊ ဓာတ်ပုံ- ဝါသုဒေဝ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013