DVB Logo
Home
Lead Story
စိုးရိမ်မှုစွမ်းအင်နဲ့ ပြောင်းလဲတော့မယ့် ၂၀၀၈ ဖွဲ့စည်းပုံ
DVB
·
March 5, 2019
စိုးရိမ်မှုစွမ်းအင်နဲ့ ပြောင်းလဲတော့မယ့် ၂၀၀၈ ဖွဲ့စည်းပုံ
Donate to DVB

ဒီရက်ပိုင်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့ အသံတွေ မြန်မာပြည်နေရာအနှံ့မှာ ကျယ်ကျယ်လောင်လောင် ပြန်ကြားနေရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံဟာ မြန်မာပြည်သူတွေ သိန်းနဲ့ချီ သေကျေကြတဲ့ နာဂစ်မုန်တိုင်း တိုက်ခိုက်တဲ့အချိန်၊ ၂၀၀၈ မေလမှာ အတည်ပြုလိုက်တာကြောင့် အငြင်းပွားဖွယ်ရာတွေနဲ့ ပြည့်နေပါတယ်။

ဥပဒေဆိုတာ စစ်အနိုင်ရသူတွေ ရေးဆွဲရတာဖြစ်ပြီး စစ်ရှုံးသူတွေကို ပြန်လည် နာလန်မထူရေးအတွက် ဦးတည်ရမယ်ဆိုတဲ့ အယူအဆပေါ်မှာ အခြေခံစဉ်းစား ရေးဆွဲလေ့ ရှိတယ်လို့ လူ့သမိုင်းကို လေ့လာသုံးသပ်သူ ပညာရှင်တချို့က ကောက်ချက်ချလေ့ ရှိပါတယ်။

ဒါပေမယ့် ဥပဒေပညာ လေ့လာသူတွေကတော့ ဥပဒေဆိုတာ ရိုးရာယုံကြည်မှုနဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေက မြစ်ဖျားခံလာခဲ့တာဖြစ်တယ်၊ အဲဒီကတဆင့် ဥပဒေဟာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ကာ ပြစ်ဒဏ်တွေနဲ့ စည်းကြပ်တုတ်နှောင်ထားလေ့ ရှိတယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာကတော့ ရွေးချယ်တင်မြှောက်ခံ အုပ်ချုပ်တဲ့အစိုးရနဲ့ အုပ်ချုပ်ခံ ပြည်သူတွေကြား ချုပ်ဆိုထားတဲ့ စာချုပ်တခုဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီစာချုပ်မှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ တာဝန်ကို ဖော်ပြထားလေ့ ရှိပါတယ်။

အထူးသဖြင့် အုပ်ချုပ်ခံတွေရဲ့ အခြေခံအခွင့်အရေးများကို နိုင်ငံအုပ်ချုပ်သူတို့က မကျူးကျော် မစော်ကားနိုင်အောင် အဲဒီစာချုပ်မှာ စည်းတား ကာကွယ်ထားလေ့ရှိတာ တွေ့ရပါတယ်။

ဒါပေမယ့် လက်နက်အားကိုးနဲ့ မင်းလုပ်အုပ်ချုပ်တဲ့သူက အစိုးရနေရာမှာ ထိုင်ကာ အုပ်ချုပ်ရေးတွေ လုပ်လာတဲ့ အခါမှာတော့ ပြည်သူတွေဟာ ဖွတ်ကျောပြာစု ခရုစံကျွတ်ဘဝကို ရောက်သွားပါတော့တယ်။ လက်နက်အားကိုးတဲ့ မင်းညစ်မင်းဆိုးတွေဟာ သူတို့အုပ်ချုပ်ရေးအာဏာ အဓွန့်ရှည်ရေးအတွက် သူတို့စိတ်ကြိုက် ဥပဒေကို ရေးဆွဲလေ့ရှိတယ်လို့ ဆိုပါတယ်။

အဲဒီဥပဒေဟာ သူတို့အုပ်ချုပ်ရေးအာဏာကိုသာ ကာကွယ်ထားပြီး အုပ်ချုပ်ခံ ပြည်သူတွေအတွက် ကျွန်သက်ရှည်ရေးကိုသာ ဦးတည်ထားလေ့ရှိတာ တွေ့ရပါတယ်။

ဥပဒေရဲ့ အနှစ်သာရဖြစ်တဲ့ ဗြဟ္မစိုရ်တရားလေးပါး (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ) နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။

အဲဒါကြောင့် မင်းဆိုးမင်းညစ်တို့ရဲ့ ဥပဒေဟာ ဥပဒေဂုဏ်နဲ့ မညီတာကြောင့် လိုက်နာသူ မရှိရုံသာမက ဆန့်ကျင်သူများ တဖြည်းဖြည်း တိုးပွားလာပြီး နောက်ဆုံး ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်ရတာ သမိုင်းဖြစ်စဉ် အမြောက်အမြားက သက်သေပြပြီး ဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမယ်ဆိုတဲ့ ကတိကဝတ်ကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူ့ထောက်ခံမှုကို တောင်ပြိုကမ်းပြို အနိုင်ရလိုက်ပါတယ်။

အစိုးရဖြစ်ပြီး ၂ နှစ်ကျော်အထိ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လေသံတိုးတိုးကလေးသာ ဖွင့်ဟနိုင်ခဲ့ပါတယ်။ ပြည်သူများကလည်း အန်အယ်လ်ဒီအစိုးရ ကတိတည်ပါ့မလားဆိုတဲ့ သံသယတွေနဲ့ အားမလိုအားမရ ဖြစ်ကုန်ကြပါတယ်။

အခုလို သုံးနှစ်တာကာလအတွင်း ရောက်လာတဲ့အခါမှာတော့ လူထုထောက်ခံမှုတွေနဲ့ အတူ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အသံတွေဟာ မြန်မာပြည်တနံတလျားမှာ ကျယ်လောင်လာနေပါပြီ။

ဒါပေမယ့် ပြည်တွင်းငြိမ်းချမ်းရေး ဦးတည်ကာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဝန်ကို ထမ်းရင်း တပ်မတော်နဲ့ ရင်ကြားစေ့ရေး လမ်းကြောင်းပေါ် လျှောက်လှမ်းနေရတဲ့ အန်အယ်လ်ဒီအစိုးရအဖို့ ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

တဖက်က ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်ဖို့ဟာ အဓိကတာဝန်ဖြစ်တယ်လို့ ခံယူထားတဲ့ တပ်မတော်နဲ့ အခြားတဖက်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဦးထိပ်ထားတဲ့ အန်အယ်လ်ဒီ အစိုးရတို့ဟာ ထိပ်တိုက်တွေ့တော့မှာလား ဆိုတဲ့ စိုးရိမ်မှုတွေဟာ နိုင်ငံရေးလေ့လာသူတွေကြားမှာ မြင့်တက်နေပါတယ်။ ဒါပေမယ့် အဲဒီစိုးရိမ်မှုတွေကို စွမ်းအင်အဖြစ် သုံးနိုင်ရင်တော့ ပိတ်နေတဲ့တံခါးတွေ အားလုံး ပွင့်ကုန်မှာ သေချာပါတယ်။

မင်းဆိုးမင်းညစ်ဒဏ်ကြောင့် ဒုက္ခနွံ အကြိမ်ကြိမ်နစ်ခဲ့ရတဲ့ ပြည်သူတွေအတွက်တော့ အင်အားတွေစုစည်း၊ စွမ်းရည်တွေမြှင့်တင်၊ မီးကုန်ယမ်းကုန်၊ နည်းစုံလမ်းစုံသုံးကာ အခက်အခဲတွေကို တရားဥပဒေဘောင်အတွင်းက ရင်ဆိုင်ရုံမှတပါး အခြားမရှိပြီ။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013