DVB Logo
Home
မြန်မာသတင်း
အန်စီအေလမ်းကြောင်း တိုင်းရင်းသားများ၏ရည်မှန်းချက်နှင့် သွေဖည်သွားပြီဟု စောမူတူးစေးဖိုးပြော
DVB
·
March 5, 2019
အန်စီအေလမ်းကြောင်း တိုင်းရင်းသားများ၏ရည်မှန်းချက်နှင့် သွေဖည်သွားပြီဟု စောမူတူးစေးဖိုးပြော
Donate to DVB

လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ ရောက်ရှိနေတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လမ်းကြောင်းဟာ တိုင်းရင်းသားတွေရဲ့ ရည်မှန်းချက်နဲ့ သွေဖည်သွားပြီလို့  ကေအန်ယူ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးက ပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ မတ်လ ၅ ရက်မှ ၆ ရက်အထိ ပြန်စတင်ကျင်းပနေတဲ့  အန်စီအေ လက်မှတ်ရေးထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးမှာ ပြောသွားတာပါ။

ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးက “လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ ရောက်ရှိနေတဲ့  အန်စီအေ အကောင်အထည်ဖော်မှု လမ်းကြောင်းဟာ မူလက ကျနော်တို့ ရည်မှန်းထားတဲ့ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ၊ အာမခံချက်တွေ အပြည့်အဝရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို ရောက်ရှိစေမယ့် လမ်းကြောင်း ကနေ သွေဖည်သွားပြီဖြစ်ပါတယ်။ ဒါကို ဓမ္မဓိဌာန် ကျကျသုံးသပ်ပြီး ပြန်လည် တည့်မတ်ဖို့ အထူးလိုအပ်ပါတယ်။ တကယ်လို့ ဒီလိုလမ်းကြောင်း အပြောင်းအလဲဖြစ်ဖို့ လိုအပ်လာပြီဆိုရင် လည်း အန်စီအေက ပေးထားချက်တွေနဲ့ သွေဖည်ခြင်းမရှိစေဘဲ ပါဝင်သူအားလုံးအကြားမှာ အကြေအလည် ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်မှာလည်းဖြစ်ပါတယ်”လို့ ပြောပါတယ်။

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့နေတဲ့ အနေအထားကနေ အပေါင်းလက္ခဏာ ဆောင်ပြီး ပိုမိုကောင်းမွန်တဲ့ အရွေ့တခုကို ဖန်တီးနိုင်ဖို့ လိုအပ်နေတာကြောင့်လည်း အကြေအလည် ညှိနှိုင်းဆွေးနွေးနိုင်မယ့် အထူးအစည်းအဝေး အခုလို ခေါ်ယူတာဖြစ်တယ်လို့လည်း ကေအန်ယူ ခေါင်းဆောင်က ပြောပါတယ်။

ဒီအစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထားရှိကြတဲ့ အမြင်တွေနဲ့ မူလရည်မှန်းချက်တွေ ပြည့်မှီ ခြင်းရှိ၊ မရှိ၊ ပြန်လည်သုံးသပ်ဆွေးနွေးကြမှာဖြစ်ပြီး  အန်စီအေ အဖွဲ့ဝင်သစ် မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ကလည်း အန်စီအေ အကောင်အထည်ဖော်မှုနဲ့ ပတ်သက်လို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အန်စီအေလမ်းကြောင်း ပြန်လည်တည့်မတ်ဖို့ရည်ရွယ်ချက်နဲ့  ကေအန်ယူနဲ့ အာစီအက်စ်အက်စ်က အချက် သုံးချက်ပါတဲ့ စာတစ်စောင်ကို ၂၀၁၈ အောက်တိုဘာလက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ထံ  ပေးပို့ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘုံ သဘောထားရဖို့လည်း ဆွေးနွေးကြမှာပါ။

ခုကျင်းပနေတဲ့ အထူးအစည်းအဝေးဟာ  ၂၀၁၈ အောက်တိုဘာ ၁၅ ရက်က နေပြည်တော်မှာ ကျင်းပတဲ့  အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ သီးသန့်အစည်းအဝေးနောက်ပိုင်း ၄ လ အကြာမှာ ပြန်လည်ကျင်းပတဲ့ အစည်းအဝေးဖြစ်ပါတယ်။

၂ ရက်ကြာကျင်းပတဲ့ ဒီအစည်းအဝေးကို အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ထိပ်သီးခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့ဝင်တွေနဲ့ နည်းပညာအထောက်အကူပြုအဖွဲ့တွေလည်း ပါဝင် တက်ရောက်ပါတယ်။

ဓာတ်ပုံ- NCA-S EAO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013