DVB Logo
Home
မြန်မာသတင်း
မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးနှိပ်စက်ခံရသည့် ရခိုင်တိုင်းရင်းသား ၁၃ ဦးကို ရုံးထုတ်
DVB
·
March 5, 2019
မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးနှိပ်စက်ခံရသည့် ရခိုင်တိုင်းရင်းသား ၁၃ ဦးကို ရုံးထုတ်
Donate to DVB

ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့က  မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁) (၂)စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရတဲ့ ရခိုင်တိုင်းရင်းသား ၁၃ ဦးကို စစ်တွေမြို့နယ် တရားရုံးမှာ ဒီကနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ပါတယ်။

ဒီကနေ့ရုံးထုတ်မှာ တရားလိုကို စတင်စစ်ဆေးရမှာ ဖြစ်ပေမယ့် မြို့နယ်တရားသူကြီး တွေက မအားမလပ်တာနဲ့ လုံခြုံရေး အခြေအနေကြောင့် မစစ်ဆေးနိုင်ခဲ့ဘူးလို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးထွန်းလှက ပြောပါတယ်။

“အခု ဖမ်းဆီးခံထားရတဲ့သူတွေက တကယ့်ကို ဝေးလံခေါင်ဖျားတဲ့ဒေသမှာ နေကြတဲ့ သူတွေပေါ့လေ။ သာမာန်ရိုးသားတဲ့ သူတွေပေါ့။ အဲဒီနေရာကို တပ်မတော်ကပဲလာလာ။ ပြည်သူ့ရဲကပဲလာလာ။ ဘယ်အဖွဲ့အစည်းက မဆိုလာပြီးတော့ ဈေးဝယ်ကြမယ်။ သွားလာကြ မယ်ဆိုရင် လက်ခံမှာပဲ ဆိုလိုချင်တာက ဒါကကျောင်းဆရာ။ ဒါက သူနာပြုဖြစ်တယ်။ ဒီဟာက ရဲဖြစ်တယ်ဆိုတာကို ပြည်သူက သိမယ်။ အရပ်ဝတ်နဲ့လာလို့ကတော့ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ဘာမှသိမှာမဟုတ်ဘူး။ ဈေးဝယ်ဈေးသွားရောင်းနေသူတွေကတော့ မည်သူ မဆို လွတ်လပ်စွာ ရောင်းချကြမှာပဲလေ။”

လက်ရှိ ဖမ်းဆီးခံထားရသူတွေထဲမှာ ကျောက်တော်မြို့နယ် ကျောက်တော်ရပ်ကွက်က ၂ ဦးနဲ့ ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာက ၁၁ ဦးတို့ပါဝင်ပါတယ်။ စုစုပေါင်း ၂၆ ဦး ဖမ်းဆီးခံရတဲ့အနက် ၁၃ ဦးက ဥပဒေနဲ့ငြိစွမ်းမှု မရှိဘူးဆိုကာ ခံဝန်နဲ့ ပြန်လွှတ်ပေးထားတယ်လို့ သိရပါတယ်။

ခုလို မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံရသူတွေအနေနဲ့ နှိပ်စက်ခံရတာတွေ ရှိတယ်လို့ တရားရုံးထုတ် အပြီးမှာ ဖမ်းဆီးခံထားရသူ တယောက်က ပြောပါတယ်။

“ကျနော်တို့ကို ခေါ်သွားအချိန်က မျက်နှာဖုံးတွေစွပ်ပြီးတော့ ခေါ်သွားပါတယ်။ ထမင်းမပေး၊ ဟင်းမပေးနဲ့ သုံးညတိုင်တိုင်ကျနော်တို့ကို နှိပ်စက်ပါတယ်။ မျက်နှာစွက်ပြီးတော့ အတင်းအဓမ္မ သောင်းကျန်သူနဲ့ ဆက်စပ်လားမေးတယ်။ ကျနော်တို့က မဟုတ်ဘူးလို့ပြောတယ်။ ပြောပေမယ့် ကျနော်တို့ ရင်ဘတ်ကို ထိုးတယ်။ ခြေထောက်နဲ့ကန်တယ်။ ပါးတွေကို ဖိနပ်တွေနဲ့ ရိုက်တယ်”လို့ပြောပါတယ်။

အာဏာပိုင်တွေအနေနဲ့ အရပ်သားတွေကို ဖမ်းဆီးရိုက်နှက်တာတွေ မပြုလုပ်ဖို့ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မနဲ့ ဖမ်းဆီးစွဲဆိုခံထားရသူတွေက  ရခိုင်ပြည်နယ်အစိုးကို တောင်းဆိုလိုက်ပါတယ်။

ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာက ဖမ်းဆီးခံထားရသူတဦးက “ကျနော်တို့ကို ပါးတွေ၊ နားတွေကိုရိုက်တယ်။ လူသားမစာနာဘဲ ရိုက်တယ်။ ကျနော်တို့ကို နားတွေကလည်း သွေးထွက်သူလည်း ရှိတယ်။ နားကန်းသူတွေလည်း ရှိတယ်။ ကျနော်တို့ကို ရိုက်တာ။ ဒါကြောင့် ရခိုင်အစိုးရကို ကျနော်တို့တောင်းဆိုပါတယ်။ နောက်တခါ လူသားချင်း မစာနာမှုတွေ မလုပ်ဖို့”လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ်က ကျောက်တော်ရပ်ကွက်က ဖမ်းဆီးခံထားရသူ ဒေါ်လှလှရီ ကတော့ သူ့အိမ်ရှင်ကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး သွားရောက်မေးမြန်းရာမှာ ဖမ်းဆီးခံခဲ့ ရတာဖြစ်ပြီး သူ့ကိုယ်သူ ဘယ်ပုဒ်မနဲ့ ဖမ်းဆီးခံထားရတယ်ဆိုတာကိုတောင် မသိဘူးလို့ ပြော ပါတယ်။

မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ရခိုင်တိုင်းရင်းသား ၁၃ ဦးကိုတော့ နောက်တကြိမ် ရုံးချိန်းအဖြစ် မတ်လ ၁၈ ရက်နေ့ကို ထပ်မံချိန်းဆိုထားပါတယ်။

သတင်း- ဓာတ်ပုံ- ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013