DVB Logo
Home
Lead Story
PPST အစည်းအဝေးမှသည် ပင်လုံဆီသို့ (အယ်ဒီတာအာဘော်)
DVB
·
March 5, 2019
PPST အစည်းအဝေးမှသည် ပင်လုံဆီသို့ (အယ်ဒီတာအာဘော်)
Donate to DVB

၃ လကြာ ရပ်ဆိုင်းထားခဲ့ရသည့် တိုင်းရင်သားလက်နက်ကိုင် ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ် ၅ ရက်နှင့် ၆ ရက် နှစ်ရက်ကြာ ပြန်လည်ကျင်းပ ပြုလုပ်တော့မည် ဖြစ်သည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် အန်စီအေတွင် လက်မှတ်ထိုးထားကြသည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ ၁၀ ခု၏ နိုင်ငံရေးဦးဆောင်မှုအဖွဲ့ အစည်းအဝေး ပြန်လည်ကျင်းပနိုင်ခြင်းသည် ကြိုဆိုရမည့်ကိစ္စဖြစ်ပြီး ရပ်တန့်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်အစပြုနိုင်တော့မည့် အစ ပထမခြေလှမ်းလည်း ဖြစ်သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက “ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဆိုတဲ့ အမည်နဲ့အညီ ဒီနေ့ တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လို ဆက်လက် အကောင်အထည်ဖော်ကြမလဲ၊ PPST အဖွဲ့ဝင် အဖွဲ့အစည်းတွေကြားမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ဦးဆောင်နိုင်ဖို့အတွက်ကို ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲ၊ အဲ့ဒါတွေကို ကျနော်တို့ အဓိကထား ဆွေးနွေးကြရမှာ ဖြစ်ပါတယ်” ဟု ဒီဗွီဘီကို ပြောသည်။

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အစည်းအဝေး ပြန်လည်ကျင်းပပြုလုပ်ရန် ဖိတ်ကြားခြင်းဖြစ်သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း နိုင်ငံ့ထိပ်သီးခေါင်းဆောင်များနှင့် တိုင်းရင်းသားတပ်ဖွဲ့ ၁၀ ခုက ထိပ်သီးခေါင်းဆောင်များ နေပြည်တော်တွင် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီး မကြာမီ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးက နိုင်ငံရေးဆွေးနွေးပွဲများမှ ခေတ္တနုတ်ထွက်ကြောင်း ကြေညာသည်။

များမကြာမီမှာပင် အန်စီအေစာချုပ်တွင် လက်မှတ်ထိုးထားသည့်  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) က စစ်ရေးဆွေးနွေးပွဲမှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြန်သည်။

ဒီအတောအတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် အပစ်ရပ် လက်မှတ်ထိုးထားသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှင့် လက်မှတ်မထိုးရသေးသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

တပ်မတော်ဘက်က စစ်တိုင်း ၅ ခုတွင် ၄ လကြာ တဖက်သတ် အပစ်ရပ်ထားသည့် ကာလအတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း တပ်မတော်နှင့် အပစ်ရပ် လက်မှတ်မထိုး ရသေးသည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တရားဝင် ဆွေးနွေးပွဲတခုသာ ကျင်းပပြုလုပ်နိုင်ခဲ့တာ တွေ့မြင်ခဲ့ရသည်။

အစိုးရက ဦးဆောင်ပြုလုပ်မည့် ပင်လုံညီလာခံ ရပ်တန့်နေသည့် ကာလအတွင်း ယခုလို တိုင်းရင်းသားတပ်ဖွဲ့ ဆယ်ဖွဲ့၏ နိုင်ငံရေးဦးဆောင်မှုအဖွဲ့ အစည်းအဝေး ပြန်လည်ကျင်းပပြုလုပ်နိုင်ခြင်းသည် ကောင်းသောလက္ခဏာအဖြစ် မှတ်ယူရမည်သာဖြစ်သည်။

အစိုးရ၏ ၂၀၁၉ ခုနှစ်အတွင်း ပင်လုံငြိမ်းချမ်းရေးညီလာခံ နှစ်ကြိမ်ပြုလုပ်နိုင်ရေး ရည်မှန်းချက် အကောင်အထည် ပေါ်လာမလား ဆိုသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးရလဒ်ကို စောင့်ကြည့်ပြီးမှ ပြောနိုင်မည်ဖြစ်သဖြင့် ရလဒ်ကောင်းများ ထွက်ပေါ်ရန် မျှော်လင့်ချင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013