DVB Logo
Home
မြန်မာသတင်း
မူးယစ်မှုများနှင့် ဆက်နွှယ်ပြီး ရွှေအလေးချိန် ၂၁ ပိဿာခွဲကျော်ဖမ်းမိ
DVB
·
March 4, 2019
မူးယစ်မှုများနှင့် ဆက်နွှယ်ပြီး ရွှေအလေးချိန် ၂၁ ပိဿာခွဲကျော်ဖမ်းမိ
Donate to DVB

မြန်မာတနိုင်ငံလုံးမှာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းဖမ်းမိတဲ့ မူးယစ်ဆေးဝါးမှုတွေနဲ့ ဆက်နွှယ်ပြီး ရွှေအလေးချိန် ၂၁ ပိဿာခွဲကျော်နဲ့  ကျပ်ငွေကျပ်သိန်း ၄၈၇၄၀ နီးပါး ဖမ်းမိတယ်လို့ ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်ချုပ်အောင်သူ ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။

မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွေထဲက ကွင်းဆက်ဖော်ထုတ်ချက်တွေအရ ငွေကြေးခဝါချမှု ဆက်လက်အရေးယူရတဲ့ အမှုကြီးတွေအနေနဲ့ ၂၀၁၆ ခုနှစ်က ၂၀၁၈ ခုနှစ်အထိ ၁၆ မှု ရှိခဲ့ပြီး အဲဒီအမှုတွေက နေအိမ်၊ တိုက်ခန်း၊ ဂိုဒေါင် ၈၁ လုံး၊ မြေကွက် ခြံကွက် ၂၆ ကွက်၊ မော်တော်ယာဉ် ၅၂ စီး၊ စက်လှေ ၁၃ စင်း၊ ရွှေအလေးချိန် ၂၁ ပိဿာ ၅၆ ကျပ်သား၊ ဘဏ် အပ်နှံစာရင်း ၄၃၀၀၈ သိန်း၊ မြန်မာကျပ်ငွေ ၅၇၃၁ သိန်းစတာတွေနဲ့ နိုင်ငံခြားငွေတွေ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။

တနိုင်ငံလုံးမှာ မူးယစ်ဆေးဝါးဖမ်းဆီးနိုင်တာ တနှစ်ထက်တနှစ် ပိုတိုးလာတယ်လို့ လည်း ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောပါတယ်။

မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေအနေနဲ့ ၂၀၁၆ ခုနှစ်မှာ ၈၈၀၀ မှု၊ တရားခံ ကျား ၁၁၉၆၅ ယောက်၊ မ ၁၆၂၆ ယောက်၊ ပေါင်း ၁၃၅၉၁ ယောက်၊ ၂၀၁၇ ခုနှစ်မှာ ၉၅၄၄ မှု၊ တရားခံ ကျား ၁၂၄၀၅ ယောက်၊ မ ၁၅၉၅ ယောက်၊ ပေါင်း ၁၄၀၀၀ ယောက်၊ ၂၀၁၈ ခုနှစ်မှာ ၁၂၉၇၆ မှု၊ တရားခံ ကျား ၁၆၂၄၈ ယောက်၊ မ ၂၂၅၂ ယောက်၊ စုစုပေါင်း ၁၈၅၀၀ ယောက်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ သိရပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဖောင်းပြင် မဲဆန္ဒနယ်က ကိုယ်စားလှယ်  ဦးထွန်းဝေက မူးယစ်တရားခံတယောက်ကို ဖမ်းဆီးမိတဲ့အခါ ကွင်းဆက်တရားခံ ကို ချက်ချင်းဖော်ထုတ် ဖမ်းဆီးရေးအတွက် အဖွဲ့အချင်းချင်း ဆက်သွယ်ဖမ်းဆီးနိုင်ရေးကို မြန်မာတနိုင်ငံလုံးတပြေးညီ ညွှန်ကြားချက် ထုတ်ပြန်ပေးဖို့ မေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်အောင်သူက “တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်တွေမှာ ကွင်းဆက်တရားခံတွေကို ပြစ်မှုကျူးလွန်တဲ့ တရားခံတွေလို အပြစ်ပေး အရေးယူဖို့ သတ်မှတ် ပြဋ္ဌာန်းထားရှိတာကြောင့်၊ ကွင်းဆက် တရားခံတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဖော်ထုတ်ဖမ်းဆီးနေတဲ့ အပြင် နိုင်ငံတကာနဲ့လည်း အချိန်နဲ့တပြေးညီ ချိတ်ဆက် ပူးပေါင်းနေ တာကြောင့် ကွင်းဆက်တရားခံတွေ ဖမ်းဆီးရမိရေး သီးသန့်ညွှန်ကြားချက် ထုတ်ပြန်ဖို့ မလိုအပ်ပါကြောင်း ” ပြောသွားပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို တပ်ဖွဲ့ခွဲ ၃ ခွဲ၊ တပ်ဖွဲ့စု ၅၀ စု၊ အရာရှိ ၄၀၁ ယောက်၊ အခြားအဆင့် ၈၀၂ ယောက်နဲ့ ဖွဲ့စည်းဆောင်ရွက်နေပြီး တပ်ဖွဲ့ခွဲ ၁၀ ခွဲ၊ တပ်ဖွဲ့စု ၆၅ စုအထိ တိုးချဲ့ဖွဲ့စည်းနိုင်ရေး လျာထားဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013