ကလေးဝဆိပ်ကမ်း သာယာလှပရေး ကျပ်သိန်း ၁၀၀၀ သုံးစွဲမည်

ကလေးခရိုင် ကလေးဝမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်း သာယာရေးအတွက် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေထဲကမှ ကျပ်သိန်း ၁၀၀၀ သုံးစွဲသွားမယ်လို့ ကလေးဝမြို့ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အငယ်တန်း အင်ဂျင်နီယာ ၁ ဦးမိုးဇော်က ပြောပါတယ်။
"ကလေးဝမြို့ သစ်ထုတ်လုပ်ရေးရုံးရှေ့ ကမ်းပြိုထိန်းသိမ်းရေးနဲ့ ပေါင်းပြီး သဘောင်္ဆိပ်ကမ်း သာယာလှပရေးအတွက်ပါ ဆောင်ရွက်သွားမှာပါ။ သုံးဆင့် ကမ်းထိန်း နံရံ တည်ဆောက်ပြီး သဘောင်္ဆိပ်အတက် လှေကားလည်း ထည့်သွင်း ဆောင်ရွက်သွားမှာ။ လုပ်ငန်းခင်အလျားက ပေ ၃၀၀ ရှိတယ်။"
ကလေးဝမြို့ ဆိပ်ကမ်း လှပရေးအတွက် ပြင်ဆင်ရချိန်တွေမှာ ကျူးကျော် ဈေးဆိုင်တွေ ဖျက်သိမ်းခဲ့ရသလို ကမ်းအမှိုက်တွေကိုလည်း ဒေသတွင်း အဖွဲ့အစည်းတွေ စုပေါင်းရှင်းလင်းခဲ့ကြတယ်လို့ သိရပါတယ်။
"ချင်းတွင်းမြစ်ကမ်းပြိုထိန်းတာနဲ့ ဆိပ်ကမ်းလှပရေးအတွက် လုပ်ငန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်က စတယ်။ လာမယ့် ဧပြီ ၁၀ ရက်အတွင်း အပြီးဆောင်ရွက်ဖို့ လျာထားတယ်။ ပြီးသွားရင်တော့ မြို့အတွက် ဂုဏ်ယူစရာ နေရာမြင်ကွင်းတခု ဖြစ်လာမှာပါ။ အရိပ်ရပင်နဲ့ အပန်းဖြေနေရာတွေအတွက်လည်း သစ်တောရယ် စည်ပင်ရယ် ပေါင်းပြီး လုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်" လို့ ဦးမိုးဇော်က ဆက်ပြောပါတယ်။
ယခင်က ကလေးဝမြို့ဟာ မြန်မာနိုင်ငံ ချင်းပြည်နယ်ရဲ့ ရေလမ်းတံခါးတခု ဖြစ်ခဲ့ပြီး လူနေမှု ထူထပ်လာတာနဲ့အမျှ ဆိပ်ကမ်းရဲ့ လှပမှုဟာ ပြုပြင်ဖို့ လိုအပ်လာတာကြောင့် ခုလို ပြင်ဆင်ခွင့် တင်ပြီး ဆောင်ရွက်ရတာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးတာဝန်ရှိသူက ဆိုပါတယ်။
ဆိပ်ကမ်းအပြင် ကလေးဝမြို့ ချင်းတွင်းဖောင်ဖွဲ့ရေး ဆိပ်ကမ်း ပေ ၁၀၀ ကိုလည်း သန်း ၃၀ ကျပ် အကုန်ခံပြီး ကမ်းထိန်းနံရံ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
မင်းရဲစစ်နိုင်











