DVB Logo
Home
Lead Story
လူထုစိတ်ဝင်စားမှုနည်းတဲ့ စည်ပင်ရွေးကောက်ပွဲ
DVB
·
March 4, 2019
လူထုစိတ်ဝင်စားမှုနည်းတဲ့ စည်ပင်ရွေးကောက်ပွဲ
Donate to DVB

“အဘတို့ငယ်ငယ် ဖဆပလခေတ် စည်ပင်ရွေးကောက်ပွဲက ပျော်စရာကြီးကွ။ ရွေးကောက်ပွဲမတိုင်မီ လေးငါးခြောက်လလောက်ကတည်းက သူ့လူကိုယ့်လူ အနိုင်ရရေးအတွက် ပြင်ဆင်ကြရတာ။ ဟိုတုန်းကတော့ မြူလူကြီးရွေးကောက်ပွဲလို့ ခေါ်တာ။ အခုခေတ်လို ရွေးကောက်ပွဲနားနီးမှ စိတ်ကူးပေါက်လို့ ဝင်အရွေးခံတာမျိုး မဟုတ်ဘူးကွ။ မြူရွေးကောက်ပွဲ ဝင်ချင်တဲ့သူက တနှစ်ပတ်လုံး သူယှဉ်ပြိုင်မယ့်နယ်မြေအတွက် အစစပြင်ဆင်ပြီး လိုအပ်ချက်တွေ ကြည့်ထားရတာကလား။ ရပ်ကွက်လူထုနဲ့လည်း မကင်းကွာအောင် နေကြရတာ။ ရပ်ရေးရွာရေး ကိစ္စတွေမှာလည်း ဝင်ရောက်လုပ်ဆောင်ပေးပြီး မျက်နှာနာအောင် လူထုနဲ့ စဉ်ဆက်မပြတ် ထိတွေ့နေခဲ့ကြတာ။ အခုခေတ်လို မဲရွေးကာနီးမှ ရောက်လာလို့ကတော့ သံပုံးတီး နှင်ထုတ်လိုက်ပြီသာမှတ်။”

သက်ကြီးစကား သက်ငယ်ကြား။ အရပ်ထဲက ၉၀ ကျော်အဘပြောပြတဲ့ မြူရွေးကောက်ပွဲပါ။ အခုခေတ်မှာတော့ မတ်လ ၃၁ ရက်နေ့ စည်ပင်သာယာရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပေမယ့် လူထုကတော့ စိတ်ဝင်စားဟန် မပြကြပါဘူး။ အပိုအလုပ်တခုလို့ပဲ မြင်နေသလား၊ အလုပ်ရှုပ်တယ်လို့ပဲ ယူဆလေသလား မပြောတတ်။ ဘာကြောင့်များလဲလို့ စောဒနာကြည့်မိတယ်။

မြန်မာတို့ရဲ့ မြူနီစီပယ်သမိုင်းကို ပြန်ကြည့်ရင် ၁၈၇၄ အက်ဥပဒေအမှတ် ၇ အရ မြူနီစီပယ်အဖွဲ့ကို စတင်တည်ထောင်ခဲ့တာ။ ကော်မရှင်မင်းကြီး “ချိဗ်” လက်ထက် ၁၈၈၂ ရောက်မှ မြူနီစီပယ်အဖွဲ့ဝင်တွေကို မဲနဲ့ရွေးချယ်ခြင်း အစပြုခဲ့တာ။ မြို့အုပ်ချုပ်ရေးကိုတော့ မြို့ဝန်ကြီးလို့ခေါ်တဲ့ Town Magistrate က အုပ်ချုပ်တယ်။ မြူက သူ့လက်အောက်ခံပေါ့။ ၁၈၈၂ ရောက်မှ မြူအဖွဲ့က လွှဲပြောင်းယူလိုက်တာ။ ပထမအကြိမ် မြူရွေးကောက်ပွဲ ၁၈၈၂ မှာ လူထုမဲနဲ့ ရွေးချယ်တင်မြှောက်သူက ၁၈ ဦး၊ အစိုးရခန့် ၆ ဦးပဲရှိတယ်။

ဒီအချိန်ထိ မြူနီစီပယ် အက်ဥပဒေ မပေါ်သေးဘူး။ ၁၈၉၈ မှာ မြူအက်ဥပဒေကို အတည်ပြုခဲ့တယ်။ တကယ်အသုံးပြုတဲ့ မြူအက်ဥပဒေက ၁၉၂၂ ခုနှစ်ထဲရောက်မှ မြူအက်ဥပဒေဆိုတာ ပေါ်လာတာ။ ဥပဒေ မပေါ်ခင်ကတည်းက နှစ်စဉ် မြူရွေးကောက်ပွဲ ကျင်းပခဲ့တာပါ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံး မြူနီစီပယ်မင်းကြီးအဖြစ် ဦးထွန်းအုံ ဖြစ်ခဲ့တယ်။ နှစ်စဉ် မြူရွေးကောက်ပွဲဟာ လူထုစိတ်အဝင်စားဆုံးနဲ့ ပြိုင်ဆိုင်မှု အားကြီးခဲ့တာ။ မြူနီစီပယ်လူကြီးအဖြစ် ရွေးကောက်ပွဲဝင်မယ့်သူတွေဟာ အနည်းဆုံး လူရိုသေရှင်ရိုသေ၊ ရပ်ကွက်မြို့နယ်တွေမှာ သြဇာရှိသူတွေ ဖြစ်ကြတယ်။ ရပ်ရေးရွာရေး လူမှုရေးကိစ္စ အားသန်သူတွေ ဖြစ်တယ်။

အဲဒီလို တချိန်က စိတ်အားတက်ကြွသူတွေဟာ အခု ဘာကြောင့် စိတ်မဝင်စားကြတော့တာလဲဆိုတာ ဝေဖန်ပိုင်းခြားကြည့်သင့်တယ်။ ဒါမှသာ အဖြေတခု ထုတ်နိုင်မှာပါ။

မြူနီစီပယ် ရွေးကောက်ပွဲအပေါ် လူထုစိတ်မဝင်စားစေတဲ့ အချက်ပေါင်းများစွာ ရှိတယ်။ သမိုင်းကြောင်းအရကြည့်ရင် ၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြူနီစီပယ် ရွေးကောက်ပွဲတွေ မရှိတော့ဘဲ စစ်တပ်ခန့် ကိုယ်စားလှယ်တွေပဲ နေရာယူလာခဲ့တယ်။ မြူနီစီပယ် အဖြစ်ကနေ စည်ပင်သာယာအဖြစ် ပြောင်းလိုက်တယ်။ အဲဒီအချိန်ကစပြီး ရွေးကောက်ပွဲ ယဉ်ကျေးမှုလည်း ပျက်စီးသွားခဲ့တော့တာပဲ။ စည်ပင်သာယာမှာ လူကိုယ်စားလှယ်ဆိုတာလည်း ဆိတ်သုဉ်းသွားခဲ့တယ်။ လူထုတင်မြှောက်တဲ့ စည်ပင်ကိုယ်စားလှယ်မရှိဘဲ မဆလခေတ်ကလို အစိုးရခန့် ကိုယ်စားလှယ်နဲ့ မြို့တော်ဝန်သာ ထားရှိခဲ့တာ။ ဒီအချက်ဟာလည်း စည်ပင်ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှု လျော့နည်းသွားစေခြင်းရဲ့ အချက်တချက်ဖြစ်မယ် ထင်ပါတယ်။

ဒီလိုနဲ့ စည်ပင်သာယာမှာ လူထုကိုယ်စားလှယ် ပျောက်ဆုံးခဲ့တာ နှစ်ပေါင်း ၅၀ ကျော် ကြာခဲ့ပါတယ်။ နှောင်းလူငယ်တွေရဲ့ အသိမှာနဲ့ အတွေ့အကြုံမှာ စည်ပင်လူကြီးရွေးကောက်ပွဲ ဆိုတာ ကြားဖူးဟန်ပင် မရှိတော့ပါဘူး။ မကြာမီနှစ်တွေက လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်တင်မြှောက်ပွဲတွေ မြန်မာနိုင်ငံမှာ ပြန်လည်ပေါ်ထွန်းလာခြင်းနဲ့အတူ စည်ပင်သာယာ ရွေးကောက်ပွဲလည်း ပြန်လည်စတင်လာခဲ့ပါတယ်။

ပထမဆုံး စည်ပင်ရွေးကောက်ပွဲကိုတော့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ကျင်းပနိုင်ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲနဲ့အတူ စည်ပင်သာယာမှာ လူထုကိုယ်စားလှယ် ၅ ဦးနဲ့ အစိုးရခန့် ၄ ဦး ကော်မတီဝင် ဖြစ်လာခဲ့တယ်။

အဲဒီနောက်တော့ စည်ပင်ကော်မတီဝင် ၉ ဦးစလုံးကို ၂၀၁၆ မေလ ၁၈ ရက်နေ့မှာ ဖျက်သိမ်းခဲ့တယ်။ ဖျက်သိမ်းပြီးတဲ့နောက် စည်ပင်သာယာဥပဒေ ပြင်ဆင်ရေးကို အကြောင်းပြပြီး ရွေးကောက်ပွဲမကျင်းပဘဲ အစိုးရခန့် စည်ပင်ကော်မတီများနဲ့ပဲ ခရီးဆက်နေခဲ့ခြင်းဟာလည်း စည်ပင်ရွေးကောက်ပွဲအပေါ်မှာ လူထု စိတ်ဝင်စားမှုမရှိခြင်း အချက်တချက် ဖြစ်စေခဲ့ပါတယ်။ ဖျက်သိမ်းပြီး သုံးနှစ်နီးပါးကြာမှ ၂၀၁၉ မတ်လ ၃၁ ရက်နေ့မှာ ဒုတိယအကြိမ်အဖြစ် စည်ပင်သာယာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ကြေညာခဲ့တယ်။

စည်ပင်သာယာဥပဒေသစ်အရ မြို့တော်စည်ပင်ကော်မတီဝင် ၁၁ ဦးရှိရာမှာ အစိုးရက ၅ ဦးခန့်ထားပြီး သားဖြစ်လို့  ကျန်တဲ့ ကိုယ်စားလှယ် ၆ ဦးကို လူထုရဲ့မဲနဲ့ ရွေးကောက် တင်မြှောက်ကြရမှာပါ။ ဒီ ၆ ဦးထဲကမှ တဦးကို ဒုတိယမြို့တော်ဝန် အဖြစ် ကော်မတီဝင် ၁၁ ဦးက လျှို့ဝှက်မဲစနစ်နဲ့ ပြန်ပြီး ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းထဲရှိ မြို့နယ်ပေါင်း ၃၃ ခုရဲ့ မြို့နယ်အဆင့် စည်ပင်ကော်မတီ အသီသီးအတွက်လည်း ဥက္ကဋ္ဌ ၁ဦးနဲ့ အဖွဲ့ဝင် ၂ ဦးကျစီနဲ့ တမြို့နယ်ကို ၃ ဦး စုစုပေါင်း  ၉၉ ဦးကို လည်း လူထုဆန္ဒနဲ့ မဲပေးရွေးချယ်ရမှာဖြစ်ပါတယ်။

သက်ဆိုင်ရာ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ၀င်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကို ကော်မရှင်က ထုတ်ပြန်ထားတဲ့အပြင် မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေ စတင်နေပြီဖြစ်ပေမယ့် အခုထိတော့ မဲဆန္ဒရှင်လူထု အနေနဲ့လည်း မဲပေးဖို့ သွေးအေးနေဆဲ ဖြစ်နေတာကို မြင်တွေ့နေရပါတယ်။

နောက်အစိုးရသက်တမ်း ကာလတွေမှာလည်း အခုလိုပဲ ရွေးကောက်ပွဲ အရှိန်အဟုန် ဆက်လက်စီးမျောနိုင်ပါ့မလားဆိုတဲ့ သံသယကလည်း ရှိနေကြောင်းပါခင်ဗျာ။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013