
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ဒိုင်းမွန်းကွန်ဒိုမှာ မတ် ၁၈ ရက်က အသက် မပြည့်သေးသူနဲ့ အမျိုးသမီး ၁၈ ယောက်ပါဝင်တဲ့ ပြည့်တန်ဆာခန်း တခုကို စစ်ကောင်စီ လက်အောက်ခံ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မတ် ၁၈ ရက် နေ့လယ် ၂ နာရီခွဲက စစ်ကောင်စီလက်အောက်ခံ ရဲအင်အား အများအပြားနဲ့ ဒိုင်းမွန်းကွန်ဒို အခန်းနံပါတ် ၇၀၅ ကို ဝင်ဖမ်းခဲ့ရာ ပြည့်တန်ဆာခန်းကို ဖမ်းမိခဲ့တာလို့ မြို့ခံ တယောက်က DVB ကို ပြောပါတယ်။
“သတင်းအရ ဝင်ဖမ်းတာဖြစ်မယ်။ အဲဒီလုပ်ငန်းကို ဦးဆောင်တဲ့သူရော ကောင်မလေးတွေရော ဖမ်းသွားတယ်။ ကောင်မလေးတွေက အရွယ်စုံပဲ၊ ဘယ်ကိုဖမ်းသွားလဲတော့ မသိဘူး။”
အသက်မပြည့်သေးသူ အမျိုးသမီးငယ် တယောက်ကို အဆိုပါပြည့်တန်ဆာခန်းဆီ ပို့ဆောင်သူ တယောက်ကို အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပြီးနောက် စစ်ဆေးရာက ကွင်းဆက်အရ ကမာရွတ်မြို့နယ် ရဲစခန်းနဲ့ ပူးပေါင်းဖမ်းဆီးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“နယ်ကတက်လာတဲ့ အသက်မပြည့်သေးတဲ့ ကလေးမလေးတယောက်ကို အလုပ်ရမယ်ဆိုပြီး ပြည့်တန်ဆာခန်းကို ပို့လိုက်လို့ ပို့တဲ့သူကို ဖမ်းစစ်ရင်း ဒိုင်းမွန်းကွန်ဒိုမှာ ထပ်မိတာ၊ အဲဒီမှာ အသက် မပြည့်သေးတဲ့ အမျိုးသမီးငယ်အပါအဝင် ၁၈ ယောက်ရော လုပ်ငန်းဦးစီးတဲ့သူရော ဖမ်းမိတာ၊ ဖမ်းတဲ့အချိန် အဲဒီလုပ်ငန်းကရတဲ့ ငွေသိန်းရာနဲ့ချီ သိမ်းဆည်းရမိတယ်။”
အဆိုပါပြည့်တန်ဆာခန်းကို ဝင်ရောက်ဖမ်းဆီးရာမှာ လုပ်ငန်းကရရှိတဲ့ ငွေကျပ် ၂၂၄ သိန်းကျော်ကို လည်း အင်းစိန်မြို့နယ်နဲ့ ကမာရွတ်မြို့နယ် ရဲစခန်းက သိမ်းဆည်းရမိခဲ့ပါတယ်။
လတ်တလောမှာ ကမာရွတ်မြို့နယ်ရဲစခန်းက ပြည့်တန်ဆာလုပ်ငန်းဦးဆောင်သူ ဦးကိုကြီးကို (ပ)အမှတ် ၈၅/၂၀၂၆၊ လူကုန်တားပုဒ်မ ၃၅/၄၄၊ အမျိုးသမီး ၁၈ ယောက်ကို (ပ)အမှတ် ၈၆/၂၀၂၆ ပုဒ်မ ၃(ခ) နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။










