DVB Logo
Home
မြန်မာသတင်း
ပုံစံ ၇ ရရှိရေး ယင်းမာပင်မြို့နယ်က တောင်သူ ၃၀၀ ကျော် ဆန္ဒပြ
DVB
·
March 3, 2019
ပုံစံ ၇ ရရှိရေး ယင်းမာပင်မြို့နယ်က တောင်သူ ၃၀၀ ကျော် ဆန္ဒပြ
1 / 7
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်က တောင်သူ ၃၀၀ ကျော်ဟာ ပုံစံ ၇ ရရှိရေးအတွက် မတ်လ ၃ ရက်နေ့ မနက်ပိုင်းက မုံရွာမြို့မှာ လာရောက်ဆန္ဒပြခဲ့ကြပါတယ်။

၂၀၀၅ ခုနှစ်မှာ မြို့နယ် သစ်တောဦးစီးဌာနကနေ ဝါးစိမ်းတောင်ဒေသကို ကြိုးပြင် ကာကွယ်တောအဖြစ် ဧက ၁၀၀၀၀ သတ်မှတ်ရာ သပြေအေး၊ ကျောက်ပြုတ်၊ သရော်ကျင်း၊ မိုးကောင်း စတဲ့ကျေးရွာတွေက ဘိုးဘွားပိုင် ဓားမဦးချ လယ်ယာမြေတွေ ပါဝင်ခဲ့တာပါ။

သစ်တောဦးစီးဌာနက သတ်မှတ်တဲ့ ကြိုးပြင်ကာကွယ်တော ဧက ၁ သောင်းမှာ တောင်သူ ၁၆၉ ဦးရဲ့ လယ်ယာမြေဧက ၁၆၀၀ ကျော်ပါဝင်နေတာဖြစ်ပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူ ကိုလှမင်းနိုင်က “သက်ဆိုင်ရာအဆင့်ဆင့်ကို စာတင်တယ်။ ထူးခြား မလာဘူး။ ဒါကြောင့် အခုလို လမ်းပေါ်ထွက် ဆန္ဒပြတာပါ။ အဓိကကတော့ ပုံစံ ၇ ရရှိရေး၊ လုပ်စားမြေပြန်လည်ရရှိရေး၊ သစ်တောဦးစီးတွေ မှန်မှန်ကန်ကန်ဖြစ်စေရေး တို့ပါပဲ။ တောင်သူ တွေမှာ မြေယာအခွန်အခ ပေးဆောင်ခဲ့တဲ့ သက်သေအထောက်အထားတွေလည်း ပြည့်ပြည့်စုံစုံ ရှိတယ်။ ဒါပေမယ့် ပုံစံ ၇ ထုတ်မပေးဘူး။ သစ်တောမြေဖြစ်လို့ဆိုပြီး လျှောက်လို့ မရဘူး။ ၂၀၁၈ လယ်ယာမြေဥပဒေအရ မြေလွတ်မြေလပ်မြေရိုင်းတွေ လျှောက်ရမယ်ဆိုတာမှာလည်း လျှောက်ခွင့်မရဘူး။ ပုံစံ ၇ မရှိတော့ စိုက်ပျိုးစရိတ်လည်းထုတ်မရဘူး။ စိုးရိမ်စိတ်နဲ့ လုပ်နေကြရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ လယ်ယာမြေတွေ လုပ်ခွင့်ရနေပေမယ့် လယ်ယာမြေတွေမှာ သစ်တော ဦးစီးဌာနက ယူကလစ်ပင်တွေလာစိုက်ပြီး ထွန်ယက်လို့ သစ်ပင်တွေပျက်စီးရင် ပြန်စိုက်ပေးရတာ တွေရှိတယ်လို့လည်းဆိုပါတယ်။

ဒေသခံတောင်သူတွေအနေနဲ့ စပါး၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် တခြား စားဖိုချောင်သီးနှံတွေ စိုက်ပျိုးနေကြတာဖြစ်ပါတယ်။ ဆန္ဒပြပွဲကို မုံရွာမြို့ မြို့တော်ခန်းမရှေ့ကနေ ဘူတာလမ်း၊ ပြည်ထောင်စုလမ်း၊ ကျောက္ကာလမ်း၊ ဗိုလ်ချုပ်လမ်းတို့အတိုင်း လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ တောင်သူတွေက အမှန်အကန်စိုက်ပျိုးလျှက်ရှိတဲ့ တောင်သူမြေတွေအမြန်ဆုံး တရားဝင် ပုံစံ ၇ ရရှိရေး၊ ကြိုးပြင်ကာကွယ်တောမှာ ပါဝင်တဲ့ လယ်ယာမြေတွေ အမြန်ပြန်ရရေး၊ သစ်တောဦးစီးတွေ မှန်မှန်ကန်ကန်ဖြစ်စေရေး စတဲ့ ကြွေးကြော်သံတွေကိုလည်း ဆန္ဒပြရာ လမ်းတလျှောက်ကြွေးကြော်ခဲ့ကြပါတယ်။

ဆန္ဒပြလို့မှ ထူးခြားမလာရင် ပြည်ထောင်စုအဆင့်ထိ ဆက်လက်တင်ပြမယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013