DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက်အလုပ်သမားများ ကလေးမီးဖွားပါက မြန်မာသံရုံးတွင် ထောက်ခံစာ လျှောက်နိုင်
DVB
·
March 3, 2019
ထိုင်းရောက်အလုပ်သမားများ ကလေးမီးဖွားပါက မြန်မာသံရုံးတွင် ထောက်ခံစာ လျှောက်နိုင်
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအနေနဲ့ ကလေးမီးဖွားခဲ့ရင် မြန်မာသံရုံးမှာလာပြီး မွေးဖွားကြောင်း မှတ်တမ်းတင်နိုင်ပြီး ကလေးအတွက် ပတ်စ်ပို့လည်း ပြုလုပ်နိုင်တယ်လို့ အလုပ်သမား သံအရာရှိက ပြောပါတယ်။

ထိုင်းနိုင်ငံ၊ စမုစခွန်ခရိုင်၊ မဟာချိုင်ဆေးရုံကြီးနဲ့ Siriraj ဆေးရုံတို့ကို သွားရောက်ပြီး ကလေးမီးဖွားနေသူတွေနဲ့ တွေ့ဆုံခဲ့ရာမှာ သူတို့ဟာ ကလေးငယ်ကို မြန်မာနိုင်ငံသား တယောက်အဖြစ် မှတ်ပုံတင်ဖို့၊ ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်နိုင်ဖို့ လုပ်ရမယ့် လုပ်ငန်းတွေကို သိတာ အားနည်းတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကလေးငယ်ဟာ ထိုင်းနိုင်ငံထဲမှာ တရားမဝင်သူဖြစ်နေပြီး မြန်မာနိုင်ငံကို တရားဝင် လမ်းကြောင်းက ပြန်လို့မရသလို နိုင်ငံထဲကို ပြန်ရောက်တဲ့အခါမှာလည်း အိမ်ထောင်စု စာရင်းထဲကို ထည့်ဖို့ ခက်ခဲတာတွေ ကြုံရပါတယ်။

အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးက “ထိုင်းရပ်ကွက်အဆင့်က ထုတ်ပေးတဲ့ မွေးဖွားကြောင်းထောက်ခံစာနဲ့ ကျေနပ်မနေဘဲနဲ့ သံရုံးကိုလာပြီး လုပ်ကြစေလိုပါတယ်။ မွေးဖွားပြီး တလအတွင်းလျှောက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မွေးခဲ့တာ ဘယ်လောက်ပဲ ကြာကြာ လိုအပ်တဲ့ အထောက်အထား စာရွက်စာတမ်းတွေနဲ့ လာလျှောက်ရင် တရက်နဲ့ အပြီးလုပ်ပေးပါတယ်” လို့ ပြောပါတယ်။

ဒီအတွက် ငွေကြေးပေးစရာမလိုဘူးလို့လည်း သူက ပြောပါတယ်။

ထိုင်းနိုင်ငံထဲက ဘယ်နေရာ၊ ဘယ်ဆေးရုံမှာမဆို မွေးဖွားတဲ့ မြန်မာနိုင်ငံသား မိဘတွေက မွေးဖွားတဲ့ ကလေးတွေအတွက် မွေးစာရင်း၊ မိခင် ဒါမှမဟုတ် ဖခင် ဒါမှမဟုတ် နှစ်ယောက်လုံး နိုင်ငံသားဖြစ်ကြောင်းနဲ့ ထိုင်းနိုင်ငံမှာ တရားဝင်နေတဲ့ အထောက်အထား၊ ကလေးနဲ့ မိခင် ဒါမှမဟုတ် ဖခင် ဒါမှမဟုတ် နှစ်ယောက်လုံးနဲ့ အတူရိုက်ထားတဲ့ ဓာတ်ပုံတပုံ တို့နဲ့ မြန်မာသံရုံးမှာ လာလျှောက်ရမှာ ဖြစ်ပါတယ်။

မွေးစာရင်းဟာ ထိုင်းဘာသာနဲ့ ရေးထားတာဆိုရင် ဘာသာပြန်ပေးဖို့လိုမှာဖြစ်ပြီး တရားဝင်ပြန်ဆိုတာ ဖြစ်ဖို့တော့ မလိုပါဘူး။

ထိုင်းနိုင်ငံက ဆေးရုံတခုခုမှာ ကျန်းမာရေးကြောင့် လာရောက်မွေးဖွားတာ၊ ဒါမှမဟုတ် မွေးဖွားပြီး မြန်မာနိုင်ငံကို ပြန်ဝင်မယ်ဆိုရင်  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေနဲ့ မွေးဖွားခဲ့တဲ့ ကလေးငယ် အတွက် C of I (Certificate of Identity) ကိုနေ့ချင်းထုတ်ပေးမှာ ဖြစ်ပါတယ်။

အဲဒီ C of I နဲ့ မြန်မာနိုင်ငံကို သက်ဆိုင်ရာ လဝက ဝင်ထွက်ပေါက်တွေက တရားဝင် ပြန်ထွက်ခွာနိုင်ပြီး မြန်မာနိုင်ငံကို ပြန်ရောက်ရင်လည်း ဒီစာရွက်စာတမ်းတွေနဲ့ အိမ်ထောင်စု စာရင်းမွေးတိုးလုပ်တာ၊ မှတ်ပုံတင်လျှောက်ထားတာတွေ လုပ်လို့ရမှာ ဖြစ်ပါတယ်။

တကယ်လို့ မွေးဖွားပြီးတော့လည်း ထိုင်းနိုင်ငံထဲမှာ တရားဝင် ဆက်နေမယ်ဆိုရင်တော့

ကလေးရဲ့ မိဘနှစ်ယောက်လုံးဟာ မြန်မာနိုင်ငံသားဖြစ်မယ်ဆိုရင် မြန်မာသံရုံးအနေနဲ့ မိဘနဲ့ ကလေးငယ်ရဲ့ စာရွက်စာတမ်း အချက်အလက်တွေကို မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဌာနစိတ်ကို ဆက်ပို့ပေးပြီး ကလေးငယ်အတွက် ပတ်စ်ပို့ ထုတ်ပေးမှာ ဖြစ်ပါတယ်။

တကယ်လို့ ကလေးရဲ့ မိဘတယောက်ယောက်က နိုင်ငံသား မဟုတ်ဘဲ ကလေးငယ်ဟာ မြန်မာနိုင်ငံသားအဖြစ်လျှောက်ထားမယ်ဆိုရင်တော့ နိုင်ငံသားခံယူခွင့်ဆိုင်ရာ အဆင့်ကိုလည်း လုပ်ရမယ်လို့ ဆိုပါတယ်။

ဒါတွေကို မိဘတွေကိုယ်တိုင်လာရောက်ဆောင်ရွက်ကြဖို့လည်း သံရုံးက ထုတ်ပြန်ထားပါတယ်။

စမုစခွန် ဆေးရုံကြီးရဲ့မှတ်တမ်းတွေအရ အဲဒီမှာ တနှစ်ကို မြန်မာနိုင်ငံသား ၄၀၀၀ လောက် ကလေးမီးဖွားတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013