DVB Logo
Home
Lead Story
ရန်ကုန်မြို့တော်အတွက် ရန်ကုန်သားတို့ မဲပေးကြစို့
DVB
·
March 2, 2019
ရန်ကုန်မြို့တော်အတွက် ရန်ကုန်သားတို့ မဲပေးကြစို့
Donate to DVB

ရန်ကုန်စည်ပင်သာယာရွေးကောက်ပွဲကို ယခုလကုန် မတ်လ ၃၁ ရက်၌ ကျင်းပရန်ရှိသဖြင့် ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများသည်လည်း မဲဆွယ်စည်းရုံးမှုများ တရားဝင် စတင်နေကြပြီဖြစ်သည်။

ရွေးကောက်ပွဲ ကော်မရှင်ကလည်း မဲစာရင်းများကို သက်ဆိုင်ရာမဲဆန္ဒနယ်ရှိ မဲရုံများတွင် ကပ်ထား ကြေညာပေးထားပြီး ရွေးကောက်ပွဲ လွတ်လပ်မျှတ အောင်မြင်စွာကျင်းပနိုင်ရေး  ကြိုးစား ပြင်ဆင်နေသည်။

နိုင်ငံတော်ပိုင်းကလည်း ဤရွေးကောက်ပွဲအတွက် လိုအပ်သည့် မဲပုံး၊ မဲလက်မှတ်၊ လက်ကမ်းကြော်ငြာစာစောင်ရိုက်နှိပ်မှုနှင့် ကော်မရှင်ဝန်ထမ်းများအတွက် ချီးမြှင့်ငွေ၊ မဲစာရင်းကိစ္စအပါအ၀င် စုစုပေါင်း  မြန်မာကျပ်ငွေ ၂ ဘီလီယံ သုံးစွဲရန် ချထားပေးသည်။

ရန်ကုန်မြို့တော်ကြီး ပိုမိုသာယာဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်၍ နိုင်ငံတော်၏ ဘဏ္ဍာငွေ ကျပ်ဘီလီယံနှင့်ချီ အကုန်အကျခံကျင်းပသည့် ရွေးကောက်ပွဲတွင် ရန်ကုန်မြို့နေ ပြည်သူများကလည်း ပူးပေါင်းပါဝင်ရန် တာဝန်ရှိသည်။

စည်ပင်ရွေးကောက်ပွဲ ကျင်းပမည့်ရက် တဖြည်းဖြည်းနီးကပ်လာပြီဖြစ်သော်လည်း အခုချိန်ထိ လှုံ့ဆော်မှု အားနည်းနေသလို လူထုစိတ်ဝင်စားမှုကလည်း သွေးအေးနေဆဲဖြစ်သည်။ ရန်ကုန်စည်ပင်ရွေးကောက်ပွဲနှင့် ပတ်သက်၍ အလှမယ် တဦးနှင့် လူရွှင်တော်တဦး ၀င်ရောက် ယှဉ်ပြိုင်မည်ဆိုသည့်သတင်းမျှသာ လူသိများသည်။

မဲဆန္ဒရှင်အချို့ကတော့ “စည်ပင်လူကြီးကရော ဘာလုပ်ပေးနိုင်လို့လဲ။ တနေ့ စာတနေ့ ရှာလို့စားရတာနဲ့တင် အချိန်ကုန်နေတာ။ မဲထည့်ဖို့ဆိုတာ အချိန်မပေးနိုင်ပါဘူး”ဟု ဆိုသူရှိသကဲ့သို့ တချို့ကတော့ “အရွေးခံမဲ့သူတွေက ဘယ်သူတွေမှန်းလည်းမသိ။ တကယ်အ ကူညီလိုတုန်း ကတော့ သူတို့ဘယ်ရောက်နေကြသလဲ။ အခုမဲလိုချင်မှပေါ်လာတဲ့ ခါတော်မီတွေပါကွာ”ဟု ပြောသံလည်းကြားနေရသည်။

မဲဆန္ဒရှင်တို့၏ လက်တွေ့ဘဝ အမြင်အရ မှန်ကန်မှုရှိသလို ရန်ကုန်စည်ပင်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဥပဒေအတည်ပြုရန် ကြန့်ကြာနေမှု အပါအ၀င် ဘက်ပေါင်းစုံက အားနည်းချက်များ ရှိခဲ့သည်ကလည်း အမှန်ဖြစ်သည်။

ရန်ကုန်စည်ပင်သာယာရေးကော်မတီ ဥပဒေသစ်ကို ၂၀၁၈ ဇွန် ၂၇ရက်မှာမှ အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့သည်။  ဤဥပအဒေအရ လာမည့် မတ်လ ၃၁ ရက်၌ ကျင်းပမည့် စည်ပင်ရွေး ကောက်ပွဲသည် ၂၀၁၆ မေလက ဖျက်သိမ်းခဲ့သည့် စည်ပင်ကော်မတီဝင် လူထုကိုယ်စား လှယ်နေရာများ အတွက် ရွေးကောက်တင်မြှောက်ကြမည်ဖြစ်သည်။

ဥပဒေသစ်အရ ရန်ကုန်မြို့တော်စည်ပင်ကော်မတီဝင်အဆင့် လူထုကိုယ်စားလှယ် ၆ဦးနှင့်  မြို့နယ်အဆင့် စည်ပင်ကော်မတီဝင် လူထုကိုယ်စားလှယ် ၉၉ ဦး စုစုပေါင်း လူထု ကိုယ်စားလှယ်  ၁၀၅ ကိုရွေးကောက် တင်မြှောက်ရမည်ဖြစ်သည်။

ရွေးကောက်ပွဲ၌ ရန်ကုန်မြို့ရှိ မဲဆန္ဒရှင် တဦးခြင်း အနေဖြင့်  မြို့တော် စည်ပင် ကော်မတီဝင် အတွက် ဆန္ဒမဲ ၁ မဲ၊ မြို့နယ်စည်ပင်ကော်မတီ ဥက္ကဋ္ဌ နေရာအတွက် ဆန္ဒမဲ ၁မဲနှင့် မြို့နယ်စည်ပင်ကော်မတီဝင် အဖွဲ့ဝင်နေရာအတွက် ဆန္ဒမဲ ၂ မဲ စုစုပေါင်း ၄ မဲ ပေးကြရမည်။

ဆန္ဒမဲပေးခြင်းသည် ဒီမိုကရေစီကျင့်သုံးသည့်နိုင်ငံများတွင် အရွယ်ရောက်သည့် နိုင်ငံသားတို့၏ မဖြစ်မနေ လုပ်ဆောင်ရမည့်တာဝန်တရပ်ဖြစ်သလို ဒီမိုကရေစီနှင့် ဆန္ဒမဲပေးခြင်း ဓလေ့ ခွဲခြား၍ မရနိုင်ပေ။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲအပေါ် ရန်ကုန်သားတို့ မည်သို့ပင် သဘောထားထား  ယခုကဲ့သို့ မဲဆန္ဒပြုခွင့်ရခြင်းသည် မိမိနေထိုင်ရာ ရပ်ကွက်မြို့နယ်အတွက် အသင့်တော်ဆုံး အကောင်းဆုံး ကိုယ်စားလှယ်လောင်းကို ကိုယ်တိုင်ရွေးချယ်ခွင့်ရမည့် အခွင့်ကောင်းအဖြစ် ရှု မြင်ပြီး မဲတပြားကို တန်ဖိုးထားကာ မဖြစ်မနေ ဆန္ဒမဲပေးကြပါရန် ဒီဗွီဘီက ဆော်သြလိုက် ရပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013