DVB Logo
Home
မြန်မာသတင်း
နမ္မတူ မန်လီကျေးရွာအနီး တိုက်ပွဲဆက်ဖြစ်၊ ရွာတွင်ကျန်နေသည့် ဘိုဘွားများကို ကယ်ထုတ်
DVB
·
March 1, 2019
နမ္မတူ မန်လီကျေးရွာအနီး တိုက်ပွဲဆက်ဖြစ်၊ ရွာတွင်ကျန်နေသည့် ဘိုဘွားများကို ကယ်ထုတ်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်လီကျေးရွာအနီးမှာ ဒီနေ့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတယ်လို့ ရွာမှာ ကျန်ရှိနေသေးတဲ့ အဘိုးအဘွားတွေကို သွားရောက်ကယ်ထုတ်တဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

ပစ်ခတ်သံတွေ ကြားရတာကြောင့် ၂၇ ရက်နေ့ကတည်းက ရွာသားပေါင်း ၂၀၀ ကျော် ထိတ်လန့်ပြီး ထွက်ပြေးလာကြတာပါ။

ဒီကနေ့ ရွာမှာကျန်ရှိနေတဲ့ လူတွေကို သွားခေါ်ရာမှာ ပစ်ခတ်သံတွေ ထပ်ကြားခဲ့ရတယ်လို့  သီပေါမြို့ နယ်စည်းမခြားပရဟိတအဖွဲ့ ဥက္ကဋ္ဌ ကိုမျိုးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ မနေ့က ထုတ်လာတဲ့ ရွာသားတွေကို မုန့်တွေဘာတွေသွားဝေရင်းနဲ့ ဟိုဘက်မှာ သူတို့က သေနတ်သံတွေ အရမ်းဆူညံနေပြီ၊ အဲဒါနဲ့ သူတို့အကူအညီတောင်းလာတော့ လေဖြတ်နေတဲ့ အဘွားအိုရယ်၊ နောက်ထပ်အဘိုးအဘွားတွေ ကျန်သေးတယ်ပေါ့။ အဲဒါကို ကျနော်တို့သွားကယ်ထုတ်တာပါ။ ကျနော်တို့ သွားတဲ့အချိန်မှာတော့ အဘွားက ဖြစ်တဲ့တောင်ရဲ့ဘေး အစွန်ဆုံးမှာ နေတာဆိုတော့ မထုတ်လို့မဖြစ်လို့  သွားထုတ်ခဲ့ရတယ်။ ”

နမ္မတူကျေးရွာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် လက်ရှိသီပေါမြို့နယ် မိုးတေကျေးရွာအုပ်စု ကွန်စာလိပ်ဘုန်းကြီးကျောင်းမှာ လူပေါင်း ၃၀၀ ကျော် ခိုလုံနေကြရပါတယ်။

သီပေါနဲ့ နမ္မတူ မြို့နယ်အတွင်းက ကျေးရွာတွေ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး အဲဒီမှာ ရှိတဲ့ဒေသခံတွေဟာ အလုပ်အကိုင်အခက်အခဲဖြစ်နေတာ ၃ နှစ်လောက်ရှိပြီလို့ သီပေါမြို့ ဖြိုးစေတနာရှင်အဖွဲ့ဝင် ကိုအောင်က ပြောပါတယ်။

“ရွာတွေမှာကလည်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဒီ ၂ နှစ် ၃ နှစ်တာကာလက အတွေ့အကြုံလည်း များသွားပြီလေ။ နည်းနည်းဖြစ်ပြီဆိုရင် အားလုံးကလည်း ပြေးချင်ကြတယ်။ ဘာလို့လဲဆိုတော့ ဘာမှလုပ်လို့မရတော့ဘူးလေ။ ရွာပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပြီဆိုရင် ရွာသူရွာသားတွေက ကိုယ့်ရဲ့တောင်ယာလုပ်ငန်းတွေ၊ ဘာလုပ်ငန်းမှလုပ်လို့မရတော့ဘူး။ ရွာပြင်ထွက်လို့လည်း မကောင်းတော့ဘူးလေ။ ရွာထဲမှာကိုမနေချင်ကြတော့တာ။ နေလို့လည်း မကောင်းတော့ဘူးလေ။ တခုခုတိုက်ပွဲဖြစ်လို့ ကျွံကျလာတယ်ဆိုရင်ရွာက ဒုက္ခရောက်ပြီလေ။”

ကယ်ဆယ်ရေးအဖွဲ့ နဲ့ ရွာသားတွေကတော့ ဘယ်အဖွဲ့အစည်းတွေ တိုက်ပွဲဖြစ်ပွားနေမှန်း မသိဘူးလို့ ပြောပါတယ်။

RCSS/SSA ရှမ်းပြည်တပ်မတော်ရဲ့ taifreedom ၀က်ပ်ဆိုက်မှာတော့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က သီပေါမြို့နယ် မိုင်းတုန်ကျေးရွာအုပ်စု လွယ်ငင်းရွာအနီးမှာ  SSPP/SSA အဖွဲ့က သူတို့ရှိရာဘက်ကို Rocket (107) လက်နက်နဲ့ ၇ ကြိမ်၊ တာလုံကျေးရွာ ဘက်ကို ၃ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သီပေါမြို့နယ်မှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ RCSS နဲ့ SSPP တို့ လှုပ်ရှားတဲ့ နယ်မြေတွေဖြစ်ပြီး  နမ္မတူမြို့နယ်မှာတော့ RCSS နဲ့ TNLA လှုပ်ရှားနေကြတယ်လို့လည်း ပရဟိတအဖွဲ့တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013