DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦးအပါအဝင် ဒေသခံတချို့ကို ရဲကဖမ်းဆီး
DVB
·
March 1, 2019
ရခိုင်ပြည်နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦးအပါအဝင် ဒေသခံတချို့ကို ရဲကဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦး၊ ဒေသခံ ၁ ဦးနဲ့ ကျောက်တော်မြို့နယ် ဒေသခံ ၅ ဦးတို့ကို ဖေဖော်ဝါရီ ၂၈ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိမ်းသိမ်း စစ်ဆေးနေပါတယ်။

မြောက်ဦးမြို့နယ် ရန်အောင်ပြင် အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်၊ ကျောက်ဆည်ပြင် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထွန်း၊ ပေါက်ပင်ကွင်း အုပ်ချုပ်ရေးမှူး ဦးမောင်တင်ချေ၊ ပြိုင်းရှားအုပ်ချုပ်ရေးမှူး ဦးမောင်ဦးစိန်တို့ကို  မြို့နယ်ထွေအုပ်ရုံးမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ လစဉ် အစည်းဝေးပြုလုပ်နေချိန်မှာ ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့ကို ဆက်သွယ်ရာမှာတော့ ဖမ်းဆီးထားတာမျိုးမဟုတ်ဘဲ ခေတ္တထိန်းသိမ်းထားတာဖြစ်ပြီး ဘာကြောင့်ခေါ်ယူစစ်ဆေးရတယ် ဆိုတာကိုတော့ ပြောလို့မရသေးဘူးလို့ ပြောပါတယ်။

မြောက်ဦးမြို့နယ်မှူး ဒုရဲမှူးအောင်သူဖြိုးက “လောလောဆယ် ကျနော်တို့ ပြောလို့ မရသေးပါဘူးခင်ဗျ။ ဖမ်းထားတာ မဟုတ်ပါဘူးခင်ဗျ။ ကျနော်တို့ ခဏ ထိန်းသိမ်းထားတာပါ။ ကျနော်တို့ ဒီဟာကို လက်ရှိဘာမှ ပြောလို့ မရသေးပါဘူးခင်ဗျ။ ပြောလို့ရတာနဲ့ ကျနော်ပြောပါ့ မယ်”လို့ ပြောပါတယ်။

မြောက်ဦးမြို့နည်း တင်းတိန်ရွာက အရပ်သား ၁ ဦးတော့ နေအိမ်ကမှာ ဖမ်းဆီးခံခဲ့ရသလို  ကျောက်တော်မြို့နယ် မဟာမုနိရွာက ဦးသန်းထွန်းနဲ့ ဦးအေးကျော်သန်း၊ သရက်တပင်ရွာက ဦးကျော်ကျော်ညွှန့်နဲ့ မောင်ချမ်းအေးတို့နဲ့ ညောင်းချောင်းရွာသားတဦးလည်း ဖမ်းဆီးခံ ထားရပါတယ်။

သွားရောက်ဖမ်းဆီးရာမှာပါဝင်တဲ့ ကျောက်တော်မြို့နယ် သရက်တပင်စခန်းမှူး မင်းသိန်းစောကတော့ အထက်က အမိန့်ပေးတဲ့အတွက် ဖမ်းဆီးရတာဖြစ်ပြီး ဘယ်ဌာနက အမိန့်လည်း ဆိုတာကိုတော့ ထုတ်ဖော်ပြော ကြားခြင်းမရှိပါဘူး။

“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်ဗျာ။ လူကြီးတွေက မေးချင်တယ်။ မြန်းချင်တယ်ဆိုလို့ ကျနော်တို့က သွားလိုက်တာပါ။ သူတို့ကို။ ဘယ်သူကနေပြီးတော့ ဘယ်လူကြီးကနေပြီး တော့ ခေါ်ခိုင်းလို့လဲ။ ဘယ်သူက မေးခိုင်းလို့လဲ အဲဒါတွေကျတော့လည်း ကျနော်တို့ မသိဘူး။ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးကိုယ်တိုင်ဦးစီးတယ်။ မြို့မစခန်းမှူး ကိုယ်တိုင်ကလည်း ဦးစီးတယ်။ ဒုမြို့နယ်မှူးလည်းပါတယ်။ ပြီးရင် ရဲအုပ်မြင့်ဌေးလည်းပါတယ်။ နောက် ရဲတပ်ရင်းဖွဲ့ ၃၁ ကလည်း ပါတယ်။ အကုန်လုံးအရာရှိတွေနဲ့အင်အားတွေက ၁၀ ယောက်လောက်ရှိတယ်။ အရာရှိတွေချည်းပဲ။”လို့ ရဲစခန်းမှူး မင်းသိန်းစောက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြန်ရှင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းက “ဘာကြောင့်ဖမ်းလဲဆိုတာကို ဖြေမယ့်သူမရှိဘူး။ ကျနော်တို့ စခန်းမှူးနဲ့တွေ့ဖို့ ကြိုးစားတယ်။ အဆင်မပြေ။ မြို့နယ်မှူးနဲ့ တွေ့ဖို့ ကြိုးစား တယ်။ အဆင်မပြေ။ ခရိုင်မှူးနဲ့ တွေ့ဖို့ ကြိုးစားတယ်။ တင်ပြမယ်လို့ ပြောတယ်။ ကျနော်တို့လည်း မစောင့်နိုင်လို့ စခန်းက တာဝန်မှူးကို သွားပြီ မေးကြည့်တော့ အချုပ်ထဲမှာ ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေ ရှိလားမေးတော့ ရှိတယ်လို့ ပြောတယ်။ ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေ မလုံခြုံတော့ဘူး။ အေအေးဆဲဆဲနဲ့ ကျေးရွာဒေသဖွံ့ဖြိုးရေး လုပ်နေသူတွေကို ဒီလိုခေါ်ပြီးတော့ ဖမ်းဆီးတယ်ဆိုတာ ကျနော်တို့ အတွက် မလုံခြုံဘူးဆိုတာကို ပြတာ”လို့ ပြောပါတယ်။

ဒေသခံတွေကို ဒီလိုဖမ်းဆီးနေတဲ့အပေါ် ကျောက်တော်မြို့က တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းက အခုလို သုံးသပ်ပါတယ်။

“တိုင်းပြည်ဆူအောင်အတွက် ပြည်သူတွေကို ကြောက်လန့်အောင် ဖန်တီးနေကြ တယ်လို့ မြင်တယ်။ ပြည်သူတွေကို တမင်သက်သက် မကြောက်ရင် ကြောက်အောင်ခြောက်လှန့်နေ တာလို့ မြင်တယ်။ ဖမ်းပွဲတွေ လုပ်နေကြတယ်လို့ မြင်တယ်။ နောက်တချက်က ဒီနေရာမှာ တစ်ခုသုံးသပ်ရမယ်ဆိုရင် အာဏာပိုင်တွေဟာ လုပ်ရက်သားနဲ့ မလုပ်။ နှိပ်စက်ရက်နဲ့ မနှိပ်စက် မီးတိုက်ရက်နဲ့ မတိုက် အဲဒီလိုမျိုးတွေ နေ့တိုင်းပြောကြတယ်။ လုပ်ချင်တာလည်း လုပ်ကြတယ်။ တရားမဲ့ ကိုယ်ကျင့်သိက္ခာမဲ့။ ပြည်သူ့အကျိုးကို ကာကွယ်ရမဲ့အစား ပြည်သူ တွေကို ဆူပူအုံကြွမှုတွေဖြစ်အောင် ဖန်တီးနေကြတာများလားလို့ သံသယ ဖြစ်မိတယ်။”

ရက္ခိုင့်တပ်မတော်အေအေနဲ့ တပ်မတော်တို့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားလာတဲ့ နောက်ပိုင်းမှာ ဒေသခံတွေကို ဖမ်းဆီးတာနဲ့ တွေ မကြာခနဖြစ်ပေါ်နေပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013