DVB Logo
Home
မြန်မာသတင်း
နမ္မတူမြို့နယ်တွင်း ပစ်ခတ်သံများကြောင့် ရွာသား ၂၀၀ ကျော် တိမ်းရှောင်လာ
DVB
·
February 28, 2019
နမ္မတူမြို့နယ်တွင်း ပစ်ခတ်သံများကြောင့် ရွာသား ၂၀၀ ကျော် တိမ်းရှောင်လာ
1 / 9
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ် မန်လီကျေးရွာအနီးမှာ ပစ်ခတ်သံတွေ ကြားရတာကြောင့် ရွာသားပေါင်း ၂၀၀ ကျော် ထိတ်လန့်ပြီး ထွက်ပြေးလာကြပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် မနက် ၁၀ နာရီကျော်လောက်ကစပြီး ပစ်ခတ်သံတွေ ကြားရတာကြောင့် ရွာသားတွေ တိမ်းရှောင်လာကြပြီး ပရဟိအဖွဲ့ ကားတွေနဲ့ သွားကြိုလာခဲ့တယ်လို့  သီပေါမြို့ နယ်စည်းမခြားပရဟိတအဖွဲ့ ဥက္ကဋ္ဌ ကိုမျိုးက ဒီဗွီဘီကို ပြောပါ တယ်။

“သူတို့ရွာနားမှာ သေနတ်သံတွေကြားရလို့ဆိုပြီး အကူအညီ တောင်းလာတဲ့အတွက် ကျနော်တို့ ပရဟိတအဖွဲ့ကားတွေနဲ့ သွားကြိုခဲ့ပါတယ်ခင်ဗျ။ လောလောဆယ် သူတို့ရွာနဲ့ ၃ မိုင် လောက်ပဲ ဝေးတဲ့ ကုန်းစံလိတ်ဘုန်းကြီးကျောင်းမှာ နေရာချထားပေးပါတယ်။  စုစုပေါင်း ၂၁၂ ယောက်၊ အများစုက ပလောင်တိုင်းရင်းသားတွေပါ။ စားနပ်ရိက္ခာအတွက် ကနေ့မနက် ကျနော်တို့ အလှူရှင်တွေဆီကနေ စုဆောင်းပြီး သွားပို့ပေးခဲ့ပါပြီ။ ဒီ တရက် နှစ်ရက်အတွက်တော့ လောက်မယ်ထင်ပါတယ်။ နောက်ရက်ရှည်သွားရင်တော့ မပြောတတ်ဘူး။”

အဆိုပါ ပစ်ခတ်မှုတွေဟာ ဘယ်အဖွဲ့ နဲ့ ဘယ်အဖွဲ့တွေကြား ပစ်ခတ်နေသလဲဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။

သီပေါမြို့နယ်ထဲမှာ ဒီလအတွင်း လက်နက်ကိုင်အဖွဲ့တွေ ထိတွေ့ပစ်ခတ်မှုကြောင့် တွန့်ကျိုင်း၊ ဟိုနား၊ မန့်ဟုန်း၊ တာ့လုန်၊ ခိုင်းဟျိုး၊  ပါကန်း၊ ၀မ်မိုင် စတဲ့ကျေးရွာက ရွာသား ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

တိုက်ပွဲရှောင်ပြည်သူတွေဟာ သီပေါမြို့နယ် နားမခေါ်ကျောင်းတိုက်မှာ ၄၂ ဦး၊ မန်လီကျောင်းတိုက်မှာ ၇၀၀ ကျော်၊ သီပေါဘိုးတော်ကျောင်းတိုက်မှာ ၃၀ ဦး၊ ကုန်းစံလိတ် ကျောင်းတိုက်မှာ ၂၁၂ ဦး၊ ကျင်သီကျောင်းတိုက်မှာ ၅၀ ဦး၊ နမ့်ဆိမ်ကျောင်းတိုက်မှာ  ၅၈ ဦး ရောက်ရှိနေတယ်လို့ နယ်စည်းမခြား ပရဟိတအဖွဲ့က ပြောသွားပါတယ်။

ကျောက်မဲမြို့ ဇီဝိတဒါနလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းကလည်း သီပေါမြို့နယ် နောင်ငင်းကျေးရွာဘက်မှာ လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ တင်းမာနေတာကြောင့် ရွာသားတွေ အပြင်ထွက်လာလို့ မရဘဲ ကျေးရွာဘုန်းကြီးကျောင်းမှာ စုပြီးနေနေကြကြောင်း၊ သူတို့ဟာ အဲဒီကျောင်းမှာ အရင်ပတ်ကတည်းက ရောက်နေလို့ ဘုန်းကြီးကျောင်းရိက္ခာနဲ့ စားသုံးနေရကြောင်း၊ ဒါပေမယ့် အခုခါမှာ ရိက္ခာပြတ်နေပြီး သူတို့ဆီကို ရိက္ခာပို့လို့ရမယ့် လမ်းကြောင်း၊ ဒါမှမဟုတ် သူတို့ကို အပြင်ခေါ်ထုတ်လို့ရမယ့် နည်းလမ်းတွေ ရှာဖွေကြံစည် နေတယ်လို့ ဦးတင်မောင်သိန်းက ပြောသွားပါတယ်။

ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကယ်ဆယ်ရေးအဖွဲ့ နဲ့ ရွာသားတွေက ဘယ်အဖွဲ့အစည်းက ပစ်မှန်းမသိပေမယ့် RCSS/SSA ရှမ်းပြည်တပ်မတော်ရဲ့ taifreedom ၀က်ပ်ဆိုက်မှာတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က သီပေါမြို့နယ် မိုင်းတုန်ကျေးရွာအုပ်စု လွယ်ငင်းရွာအနီးမှာ  SSPP/SSA အဖွဲ့က သူတို့ရှိရာဘက်ကို Rocket (107) လက်နက်နဲ့ ၇ ကြိမ်၊ တာလုံကျေးရွာ ဘက်ကို ၃ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

RCSS/SSA ဟာ အစိုးရနဲ့ NCA လက်မှတ်ထိုးထားပြီး SSA/SSPP ကတော့ လက်မှတ်မထိုးရသေးပါဘူး။ SSA/SSPP က  RCSS/S SAဟာ သူတို့လှုပ်ရှားနေတဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသထဲ ၀င်ရောက်လာလို့ ပစ်ခတ်မှု ဖြစ်ရကြောင်း ပြောဆိုထားပြီး RCSS/SSA တပ်ဖွဲ့တွေကို တောင်ပိုင်းသို့ ပြန်ဆုတ်ခွာဖို့ လိုလားနေပါတယ်။

RCSS/SSA ကတော့ SSA/SSPP နဲ့ နယ်မြေပိုင်းခြားခြ င်းကတိက၀တ် လုပ်ထားတာ မရှိသလို ရှမ်းတပ်အနေနဲ့ ရှမ်းပြည်ရဲ့ ဘယ်နေရာမဆို သွားလို့ရရမယ်လို့  ပြောထားပါတယ်

ဓာတ်ပုံ - ရှားထက်ပိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013