DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေးကို ဘာသာရေးဖိနှိပ်မှုအဖြစ် မမှန်မကန် ပုံဖော်နေဟု မြန်မာဝန်ကြီးပြော
DVB
·
February 28, 2019
ရခိုင်အရေးကို ဘာသာရေးဖိနှိပ်မှုအဖြစ် မမှန်မကန် ပုံဖော်နေဟု မြန်မာဝန်ကြီးပြော
Donate to DVB

မြန်မာနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ သတင်းမီဒီယာတွေက  ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးကိစ္စကို ဘာသာရေးဖိနှိပ်မှု ပြဿနာအဖြစ် မမှန်မကန် ပုံဖော်နေကြတယ်လို့  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အကြိမ် (၄၀) မြောက် ပုံမှန်အစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားခဲ့တာပါ။

ရခိုင်ပြည်နယ်အရေး ရှင်းလင်းရာမှာ  ပြည်ထောင်စုဝန်ကြီးက “မြန်မာနိုင်ငံဟာ သိမ်မွေ့တဲ့ ဒီမိုကရေစီကူးပြောင်းရေး ကြိုးပမ်းဆောင်ရွက်ရာမှာ စိန်ခေါ်မှုများစွာနဲ့ ကြုံတွေ့နေရဆဲဖြစ်လို့ နိုင်ငံတကာရဲ့ ဆက်လက် ကူညီပံ့ပိုးမှုကို လိုအပ်နေချိန်မှာ ကမ္ဘာက ရခိုင်ပြည်နယ်အရေးကိစ္စကို အဆိုးမြင်ရှုထောင့်ကသာ အမြင်ကျဉ်းမြောင်းစွာ အာရုံစိုက်နေတယ်”လို့ပြောပါတယ်။

မြန်မာနိုင်ငံကို ဦးတည်ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ သတင်းမီဒီယာတွေက ကျယ်ပြန့်သော လှုပ်ရှားမှုတွေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးကိစ္စကို ဘာသာရေးဖိနှိပ်မှု ပြဿနာအဖြစ် မမှန်မကန် ပုံဖော်နေကြတယ်၊ ဒါဟာဘာသာရေး ဖိနှိပ်ချုပ်ချယ်မှု မဟုတ်သလို ကိုးကွယ်ယုံကြည်မှုကွဲပြားသူများအကြား ပဋိပက္ခလည်း မဟုတ်ဘူး၊ အမှန်မှာ ကိုလိုနီခေတ်ကတည်းက စခဲ့တဲ့  တရားမဝင် နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းသွားလာမှု၊ ဆင်းရဲ မွဲတေမှု၊ တရားဥပဒေစိုးမိုးမှု လျော့နည်းပြီး အမျိုးသားလုံခြုံရေးကိစ္စတို့ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးပြဿနာသာဖြစ်တယ်လို့ ပြောပါတယ်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရာမှာ ထိပ်တိုက်တွေ့ ပြစ်တင်ရှုတ်ချတာအစား ဆွေးနွေးမှု၊ အပြုသဘောဆောင် ထိတွေ့ဆက်ဆံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကတဆင့် အောင်မြင်အောင် ဆောင်ရွက်နိုင်တယ်၊ ကောင်စီက တာဝန်ပေးထားသူတွေအနေနဲ့ လွတ်လပ်မှု၊ ဘက်မလိုက်မှု၊ ဂုဏ်သိက္ခာစောင့်ထိန်းမှုတို့ကို တိကျစွာလိုက်နာဖို့နဲ့ ပြောဆိုရေးသား အစီရင်ခံချက်တွေအတွက်  တာဝန်ယူမှုရှိဖို့လည်း မြန်မာကိုယ်စားလှယ်က တိုက်တွန်းပါတယ်။

ဒါ့အပြင် တပ်မတော်အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို လေးလကြာရပ်ဆိုင်းပေးထားတဲ့ အကြောင်းနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ  အေအေအဖွဲ့က စတင်တိုက်ခိုက်ရာ ကနေ လက်နက်ကိုင်ပဋိပက္ခ အခြေအနေကို ပိုမိုရှုပ်ထွေးလာနေတယ်လို့ လည်း ပြောပါတယ်။

တဖက်နိုင်ငံကိုထွက်ပြေးစွန့်ခွာသွားသူတွေနဲ့ ပတ်သက်ပြီးလည်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့အကြား သဘောတူညီချက်တွေနဲ့ အညီ ဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံ ဂုဏ်သိက္ခာရှိစွာနဲ့ ပြန်လာနိုင်မယ့် စိစစ်အတည်ပြုပြီးသူတွေကို လက်ခံဖို့ အဆင်သင့်ရှိတယ်လို့ မြန်မာဘက်က ပြောပါတယ်။

လူ့အခွင့်အရေးကောင်စီအချက်အလက်ရှာအဖွဲ့ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့လည်း အာဆာအကြမ်းဖက်အဖွဲ့ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေအပေါ် စုံစမ်းစစ်ဆေးမှု မပါရှိတာ မွတ်စလင်နေရပ်စွန့်ခွာသူတွေရဲ့ ပြောကြားချက်တွေကိုသာ အပြည့်အဝ လက်ခံထားတာ၊ ဒါနဲ့ဆန့်ကျင်တဲ့ သက်သေအချက်အလက်တွေကို ငြင်းပယ်ထားတာ၊ အာဆာအကြမ်းဖက်အဖွဲ့ ကျူးလွန်တဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေကို လျစ်လျူရှုထား တာတွေရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ဝေဖန်ထောက်ပြခဲ့ပြီး အစီရင်ခံစာကို ကန့်ကွက်ခဲ့ပါတယ်။

မြန်မာ့လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားစီရင်ရေးစနစ်သို့ ရောက်ရှိစေမယ့်ဘယ်လို ကြိုးပမ်းဆောင်ရွက်မှုမျိုးကိုမဆို အခိုင်အမာပယ်ချကြောင်းနဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးယန္တရား (IIM) ဖွဲ့စည်းရေးနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကိုလည်း မြန်မာနိုင်ငံက ပယ်ချတယ်လို့ ၀န်ကြီးက ပြောပါတယ်။

“အမေရိကန်ဒေါ်လာ (၂၆) သန်းကျော် ဘတ်ဂျက် သုံးစွဲခွင့်ပြုထားပြီး၊ လက်ထောက်အတွင်းရေးမှူးချုပ်အဆင့် ဦးဆောင်တဲ့ ဝန်ထမ်း (၆၂) ဦး ခန့်အပ်ကာ ယင်းယန္တရာနဲ့ နိုင်ငံတနိုင်ငံကို စောင့်ကြည့်တာဟာ ကုလသမဂ္ဂရဲ့ ရှားပါးရင်းမြစ်တွေကို ဖြုန်းတီးခြင်းသာ ဖြစ်တယ်”

အာဏာရပါတီအနေနဲ့  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိတဲ့ ဒီမိုကရေစီနဲ့ မကိုက်တဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်နိုင်ဖို့  ပြည်ထောင်စုလွှတ်တော်မှာ ပူးပေါင်းကော်မတီကို ဖွဲ့စည်းကာ စတင် ဆောင်ရွက်နေတယ်လို့လည်း မြန်မာဝန်ကြီးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013