DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလ တိုက်ပွဲများ ရပ်တန့်ပေးရန် တောင်းဆို
DVB
·
February 28, 2019
ရခိုင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလ တိုက်ပွဲများ ရပ်တန့်ပေးရန် တောင်းဆို
Donate to DVB

တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ပေးဖို့ ရသေ့တောင် ဆရာ/ဆရာမတွေက  တောင်းဆိုလိုက်ပါတယ်။

လာမယ့်မတ်လ ကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ကျောင်းသူ၊ ကျေင်းသားတွေ၊ မိဘတွေနဲ့ ဆရာ၊ ဆရာမတွေကြား စိုးရိမ်မှုတွေရှိနေပြီး စာမေးပွဲကာလအတွင်း စစ်ပွဲတွေကို ဖြစ်နိုင်ရင် ရပ်တန့်ပေးစေချင်လို့ ရသေ့တောင်က ကျောင်းဆရာမတဦးဖြစ်တဲ့ ဒေါ်မြနှင်းဝေက ပြောပါတယ်။

“လုံခြုံရေးဆိုတာကတော့ စာမေးပွဲစစ်တိုင်း ပေးနေကြတာပဲ။ ကိုယ်ကလည်း ဆရာမ တယောက်အနေနဲ့ ဖြစ်စေချင်တာကတော့ အဲဒီ ကလေးတွေကို စာမေးပွဲစစ်နေစဉ်အတွင်းမှာ ပုံမှန်အတိုင်းလေး ဖြေစေချင်တယ်။ အခုဟာက နှစ်ဖက်စလုံးက တင်းမာနေတဲ့ အခြေနေ ဖြစ်နေတဲ့အတွက်နဲ့ ဖြစ်မယ်လို့ဆိုရင်လည်း စာမေးပွဲဖြေနေတဲ့ တလအတွင်းမှာ အဲဒီကလေးတွေ ကို အေးအေးဆေးဆေးလေးနဲ့ ဖြတ်သန်းစေချင်တယ်။”

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာက စာစစ်ဌာနတခုကို ရသေ့တောင်မြို့ပေါ်မှ တခြားစာစစ်ဌာန နှစ်ခုနဲ့ ပေါင်းပြီး စစ်ဆေးသွားဖို့ စီစဉ်ထားတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ပြောပါတယ်။

ရခိုင်ပြည်နယ်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးစောထွန်းက “ပထမ တော့ ၁၂၁ မဟုတ်ပဲနဲ့ ၁၂၂ ခုပေးထားတယ်။ ရသေ့တောင်က အထက်ကျောက်တန်း စာစစ်ဌာန ကို အထက (၁) ရသေ့တောင် နဲ့ အထက (၂) ရသေ့တောင်မှာ ဖြန့်ပြီးတော့ ချလိုက်ပါတယ်။ ၃ ခုကို ၂ ခုအဖြစ် ပြန်ပြီးတော့ ပေါင်းပစ်လိုက်တယ်။ အခုလောလောဆယ် အဲဒီတခုတော့ ရှိတယ်။ နောက်ထပ်တော့ မရှိသေးဘူး” လို့ ပြောပါတယ်။

အခုနှစ် ၂၀၁၈ -၂၀၁၉ ပညာသင်နှစ်မှာ ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင် စာစစ်ဌာန ၁၂၂ ခုရှိရာ ပေါင်းလိုက်တဲ့အတွက် ၁၂၁ ခု သာ ရှိနေပြီး အဲဒီစာစစ်ဌာနတွေမှာ ကျောင်းသား၊ ကျောင်းသူဦးရေ ၄၅၅၃၃ ဦးတို့က ဝင်ရောက်ဖြေဆိုသွားကြမှာ ဖြစ်ပါတယ်။

အလယ်တန်းနဲ့ မူလတန်းစာမေးပွဲတွေ စစ်ဆေးတုန်းကလည်း စာမေးပွဲ စစ်ဆေးနေချိန် မှာပဲ တိုက်ပွဲဖြစ်ပွားတာကြောင့် စာမေးပွဲ ဖျက်သိမ်းလိုက်ရတာတွေလည်း ရှိခဲ့ပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ စစ်ရေးတင်းမာမှုများရှိနေတဲ့အတွက် လက်ရှိ ရခိုင်ပြည်နယ်ရဲ့ မြို့နယ် အချို့ စာစစ်ဌာနတွေမှာ ရဲလုံခြုံရေးနဲ့ဌာနဆိုင်ရာအချို့တို့ကလည်း ပူးပေါင်းလုံခြုံရေးယူပေးဖို့ စီစဉ်ထားတယ်လို့ ရခိုင်ပြည်နယ် ပညာရေးဌာနက ဆိုပါတယ်။

ဒါပေမယ့် ကျောင်းသူကျောင်းသားတွေ၊ မိဘတွေနဲ့ ဆရာ၊ ဆရာမအသိုင်းဝန်းတွေကတော့ လုံခြုံရေးပေးမှာထက် စာစစ်ကာလမှာ အပစ်ရပ်ပေးဖို့ကို လိုလားနေကြပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013