DVB Logo
Home
Lead Story
သခင်စစ်ကုမ္ပဏီအနေဖြင့် သတင်းသမားများအား ခေါ်ဆောင်ခြိမ်းခြောက်ခွင့်မရှိ (အယ်ဒီတာအာဘော်)
DVB
·
February 27, 2019
သခင်စစ်ကုမ္ပဏီအနေဖြင့် သတင်းသမားများအား ခေါ်ဆောင်ခြိမ်းခြောက်ခွင့်မရှိ (အယ်ဒီတာအာဘော်)
Donate to DVB

မြစ်ကြီးနားသတင်းဂျာနယ်၏ သတင်းထောက် နှစ်ယောက်ကို ကချင်ပြည်နယ်အတွင်း တစ်ရှူးငှက်ပျော စိုက်ပျိုးလုပ်ကိုင်နေသည့် သခင်စစ်ကုမ္ပဏီက ဝိုင်းမော်မြို့ရှိ ရုံးခန်းသို့ ခေါ်ဆောင် အနိုင်ကျင့် ခြိမ်းခြောက်ခဲ့သည့်ကိစ္စကို သတင်းမီဒီယာသမားများအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။

အသက် ၂၆ နှစ်အရွယ် အမျိုးသမီးသတင်းထောက် မမိုးမိုးပန်နှင့် အသက် ၂၀ အရွယ်ရှိ လပတ်ခေါင်လွန်း (ခ) ကိုအာ့ဂျေတို့သည် ကချင်ပြည်နယ် လယ်ယာနှင့် စိုက်ပျိုးရေးသတင်းများကို ရေးသားနေသူများ ဖြစ်ကြသည်။

သခင်စစ်ကုမ္ပဏီသည် သတ္တုတူးဖော်ရေးလုပ်ငန်း လိုင်စင်ရ ကုမ္ပဏီတခုဖြစ်ပြီး တစ်ရှူးငှက်ပျော စိုက်ပျိုးရေးကို လုပ်ကိုင်နေသော ကုမ္ပဏီတခုသာ ဖြစ်သည်။ စီးပွားရေးလုပ်နေသည့် ကုမ္ပဏီတခုအနေဖြင့် သတင်းသမားများကို ဖမ်းဆီးခေါ်ဆောင် နှိပ်စက်ပိုင်ခွင့် မရှိသလို မည်သည့်အရပ်သား ပြည်သူလူထုကိုမျှလည်း အလားတူ လုပ်ခွင့်မရှိပေ။

တစ်ရှူးငှက်ပျောစိုက်ပျိုးရေး ကုမ္ပဏီများ၏ လမ်းဖော်က်လုပ်မှုများကို ဒေသခံများက စိုးရိမ်ပူပန်နေကြောင်း ပန်ဒေါင်အုပ်ချုပ်ရေးမှူး၏ ပြောကြားချက် အစုအဖွဲ့များ၏ အသံနှင့်အတူ အဆိုပါ သတင်းထောက်နှစ်ယောက်က မြစ်ကြီးနားသတင်းဂျာနယ်တွင် ရေးသားဖော်ပြခဲ့ခြင်းသည် သတင်းသမားတာဝန်ကို သတင်းထောက်က လုပ်ဆောင်ခြင်းသာဖြစ်သည်။

အဆိုပါ သတင်းဖော်ပြခဲ့သည့်အပေါ် သခင်စစ်ကုမ္ပဏီက မကျေနပ်သဖြင့် ဖေဖော်ဝါရီ ၂၆ ရက် နံနက်တွင် မြစ်ကြီးနားသတင်းဂျာနယ် ရုံးခန်းသို့ လာရောက်ပြီး သတင်းထောက်နှစ်ဦးကို ၎င်းတို့ကုမ္ပဏီရုံးခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုသို့ မခေါ်ဆောင်မီ “ရှင်းစရာရှိလို့ လာခေါ်တာပါ၊ ကောင်းမွန်စွာ ဆက်ဆံပါမယ်” ဟု ကတိပေးခဲ့ကြောင်းလည်း သိရသည်။

သို့သော် ကုမ္ပဏီရုံးခန်းတွင် အမျိုးသားသတင်းထောက်ကို ထိုင်ထ အကြိမ်များစွာ လုပ်ခိုင်းခဲ့သလို မိန်းကလေးသတင်းထောက်ကိုလည်း ဂျာနယ်ဖြင့် ပါးရိုက်ခဲ့ကာ နောက်ထပ် အလားတူသတင်းမျိုး မရေးရန်လည်း ခြိမ်းခြောက်ခဲ့ပါသေးသည်။

ယင်းသို့ ခေါ်ဆောင်သွားပြီးနောက် တနာရီအခန့်အကြာတွင် သတင်းထောက်၏ ဖုန်းဆက်ခေါ်မှုကြောင့် ဝိုင်းမော်ရဲစခန်းကို အကြောင်းကြားပြီး သတင်းထောက်များကို ပြန်ခေါ်လာနိုင်ခဲ့သည်။

ယင်းဖြစ်စဉ်တွင် သခင်စစ်ကုမ္ပဏီသည် သတင်းထောက်များကို လှည့်ဖျားခေါ်ယူ အနိုင်အထက်ပြုကျင့်ခြင်းနှင့် သတင်းမှန် ဖော်ထုတ်ရေးသားမှုကို ဟန့်တားခြိမ်းခြောက်ကြောင်း ထင်ရှားပါသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မြန်မာဂျာနယ်လစ်ကွန်ရက် အပါအဝင် သတင်းမီဒီယာ အဖွဲ့အစည်းများက ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက် အသီးသီးထုတ်ပြန်ထားပြီး ပါဝင်ကျူးလွန်သူများကို တရားဥပဒေနှင့်အညီ ထိရောက်စွာ ဖော်ထုတ်အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့်  ကချင်ပြည်နယ်အစိုးရတို့ကို တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ သဘောထားထုတ်ပြန်ချက်တွင် “သတင်းထောက်များသည် သတင်းမီဒီယာဥပဒေ၊ ကျင့်ဝတ်များနှင့်အညီ နိုင်ငံသားတိုင်း သိခွင့်ရှိသော နိုင်ငံသားများ၏ အခွင့်အရေး ဆုံးရှုံးမှုဆိုင်ရာ ကိစ္စရပ်များကို ဖော်ထုတ်ရေးသားခြင်းသာ ဖြစ်သည်။ သတင်းဖော်ပြမှုနှင့် ပတ်သက်ပြီး ကျေနပ်မှုမရှိပါက အဆိုပါ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားခြင်း သို့တည်းမဟုတ် တရားဥပဒေလမ်းကြောင်းအရ တရားစွဲဆိုခြင်းတို့ လုပ်ဆောင်နိုင်သော်လည်း သတင်းထောက်များ အပေါ် ယခုကဲ့သို့ ရာဇဝတ်မကင်းသော အနိုင်အထက် လုပ်ဆောင်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း” ဟု ရေးသားဖော်ပြထားပါသည်။

ယနေ့ခေတ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် ပြည်သူများ၏ သတင်းသိပိုင်ခွင့် အတွက် စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည့် အလျောက် ပြည်သူလူထု၏ အကျိုးစီးပွား ထိခိုက်နစ်နာမှုများအတွက် သတင်းမီဒီယာသမားများက ထုတ်ဖော်ရေးသားကြဖို့လည်း တာဝန်ရှိပါသည်။

ဒီတာဝန်ကိုထမ်းဆောင်သည့် မြစ်ကြီးနားသတင်းဂျာနယ် သတင်းထောက်နှစ်ယောက်ကို သခင်စစ်ကုမ္ပဏီက ခြိမ်းခြောက်ခြင်းမှာ အလွန်မိုက်မဲသော အနိုင်အထက်လုပ်ရပ် ဖြစ်သည်ဟု ယုံကြည်ပါသည်။

ပြည်သူများ သိသင့်သိထိုက်သော သတင်းမှန်ဖော်ထုတ်မှုကို နှောင့်ယှက်ဟန့်တားခြင်း တနည်းအားဖြင့် ပြည့်မျက်လုံးကို ထိုးဖောက်မှုဟု ရှုမြင်ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ယင်းဖြစ်ရပ်ကို မှန်မှန်ကန်ကန် စစ်ဆေး၍ ကျူးလွန်သူများကို တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်ရန် ဒီဗွီဘီက တိုက်တွန်းအပ်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013