DVB Logo
Home
မြန်မာသတင်း
အရှုံးပေါ်နေသည့် စည်ပင်ပိုင်နို့စားနွားခြံတွင် နွားထီးများသာတွေ့သဖြင့် ပြန်ရောင်းခိုင်းထားဟု မြို့တော်ဝန် ပြော
DVB
·
February 27, 2019
အရှုံးပေါ်နေသည့် စည်ပင်ပိုင်နို့စားနွားခြံတွင် နွားထီးများသာတွေ့သဖြင့် ပြန်ရောင်းခိုင်းထားဟု မြို့တော်ဝန် ပြော
Donate to DVB

ရန်ကုန်မြို့တော် စည်ပင်ပိုင် နို့စားနွားမွေးမြူရေးခြံကို စစ်ဆေးရာမှာ နို့စားနွားမတွေကို မတွေ့ရဘဲ  နွားထီးတွေပဲ တွေ့ခဲ့ရတယ်လို့ မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ ရန်ကုန်တိုင်း လွှတ်တော်မှာ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် ၁ ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ထုတ်လုပ်ရေး ဌာနရဲ့ ၅ နှစ် ဆက်တိုက် အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဘယ်လို ဆက်လက် စီမံ ဆောင်ရွက် သွားမယ်ဆိုတာ သိလိုတယ်လို့ မေးရာမှာ ဖြေခဲ့တာပါ။

မေးမြန်းခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက “မေးခွန်းကိုဖြေရင်း ထည့်ဖြေ သွားတာ။ နို့စားနွားမွေးမြူရေးခြံကိုသွားစစ်တော့ နွားထီးတွေချည်းပဲ တွေ့တာနဲ့ ပြန်ရောင်း ခိုင်းရတယ်လို့ ပြောတယ်” လို့ ဆိုပါတယ်။

စာရင်းစစ်ချုပ်ရုံးက ဖော်ပြထားတဲ့ ၅ နှစ်ဆက်တိုက် အရှုံးပေါ်နေတဲ့ စိုက်ပျိုးမွေးမြူရေး စခန်း ၅ ခုထဲက နှစ်ရှည်ပင်စိုက်ပျိုးရေးလုပ်ငန်းက လွဲပြီး ကျန်လုပ်ငန်း ၄ ခုကို ရပ်နား ထားပြီလို့လည်း မြို့တော်ဝန်က ပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ထုတ်လုပ်ရေးဌာနရဲ့ လုပ်ငန်း ၁၅ ခု ဟာ ၅ နှစ် ဆက်တိုက် အရှုံးပေါ်နေခဲ့ပြီး အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေကို ဆက်လုပ်နေတယ်လို့ တိုင်း စာရင်းစစ်ချုပ်က အစီရင်ခံထားပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်ကို တင်သွင်းခဲ့တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး ဘဏ္ဍာရေး စည်းမျဉ်းနဲ့ မညီဘဲ စက်သုံးဆီတွေ ပိုဝယ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေမှာ သိုလှောင်တာတွေလည်း လုပ်နေတယ်လို့ ဆိုထားပါတယ်။

ကြက်မွေးမြူရေး၊ ဂေါက်ကွင်း၊ အပန်းဖြေလုပ်ငန်း၊ ပုဇွန်မွေးမြူရေး၊ စိုက်ပျိုးရေး၊ ဟိုတယ်လုပ်ငန်း စတဲ့ လုပ်ငန်းတွေဟာ ၂၀၁၂- ၁၃ ခုနှစ်က စလို့ ၂၀၁၆-၁၇ ခုနှစ်အထိ နှစ်တိုင်း အရှုံးတွေ ပို တိုးလာခဲ့ပြီး ဒီလုပ်ငန်းတွေအားလုံးရဲ့ ၅ နှစ်အတွင်း အရှုံးစုစုပေါင်းဟာ ကျပ်သိန်းပေါင်း ၁ သောင်းကျော် ရှိနေတာပါ။

ဒီဌာနတွေရဲ့ အရှုံးစာရင်း လျော့နည်းစေဖို့အတွက် စခန်းမှာ ရှိတဲ့ ဝန်ထမ်းတွေရဲ့ လစာကို စခန်းရဲ့ စာရင်းမှာ မထည့်ဘဲ ရုံးချုပ်ရဲ့ စာရင်းမှာပဲ ထည့်ထားတာကြောင့် အရှုံးသက်သာနေ သယောင် ဖြစ်နေတယ်လို့လည်း စာရင်းစစ်ချုပ်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013