
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာကို ဇွန် ၁၄ ရက် ည ၈ နာရီလောက်မှာ စစ်အာဏာရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတယောက် ကျည်စထိမှန် ဒဏ်ရာရခဲ့ပြီး နေအိမ်တလုံး မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာသားတယောက်က “ဒရုန်းယာဉ်က နမခ စစ်တပ်ကန ပထမဆုံး လာဗုံးကြဲချတယ်။ အဲလိုဗုံးကြဲပြီး ခဏနေတော့ မုံရွာတောင်ဘက် မအူရွာအထိုင်စစ်တပ်ဂိတ်ကနေ လက်နက်ကြီးနဲ့ ၂ လုံးပစ်တယ်။ အိမ်ကတော့ မီးလောင်သွားတယ်။ နောက်ပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်” လို့ DVB ကို ပြောပါတယ်။
ထနောင်းတောရွာဟာ ထနောင်းတော တောင်ရွာနဲ့မြောက်ရွာဆိုပြီး ၂ ရွာ ရှိတယ်လို့ ဆိုပါတယ်။
မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “ဘာတိုက်ပွဲမှ မရှိဘူး။ ညပိုင်း ရောက်လာရင် လက်နက်ကြီး တဒိန်းဒိန်းနဲ့ ပတ်ထုတာ။ ဆေးကြောင်တဲ့သဘောလား၊ အရက် ကြောင်တဲ့ သဘောလားကို မသိဘူး။ အခု သူတို့ ရမ်းသန်းပစ်ခတ်လို့ အရက်သား နေအိမ်တလုံး မီးလောင်ပြီး အရပ်သားတဦး ထိခိုက်ဒဏ်ရာရသွားတယ်။ အဲဒါ စစ်တပ်က ဘယ်လို တာဝန်ယူမလဲ။ ပြည်သူပေးတဲ့ လစာစားပြီး ပြည်သူကို ပြန်သတ်နေတဲ့ စစ်ကောင်စီ(-)တွေ လုံးဝကို အထင်မကြီးတာ” လို့ ပြောပါတယ်။
၂၀၂၂ ခု စက်တင်ဘာ ၂၇ ရက်ကလည်း စစ်အာဏာရှင်တပ်က ထနောင်းတော မြောက်ရွာသား တယောက်ကို သတ်ဖြတ်ပြီး ကျေးရွာကို မီးရှို့ခဲသလို ၂၀၂၃ မတ် ၁၅ ရက်ကလည်း ရွာကို မီးရှို့ လူသတ်တာတွေ ပြုလုပ်သွားသေးတယ်လို့ သိရပါတယ်။










