DVB Logo
Home
မြန်မာသတင်း
ရွှေဘိုပေါ်ဆန်းမျိုးစပါးကို တိုင်းအစိုးရကဖြန့်ဖြူးပေးရန် စစ်ကိုင်းလွှတ်တော် အတည်ပြု
DVB
·
February 26, 2019
ရွှေဘိုပေါ်ဆန်းမျိုးစပါးကို တိုင်းအစိုးရကဖြန့်ဖြူးပေးရန် စစ်ကိုင်းလွှတ်တော် အတည်ပြု
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်မှာ တောင်သူတွေ အဓိက စိုက်ပျိုးပြီး ဝင်ငွေအများဆုံးရရှိတဲ့ ရွှေဘိုပေါ်ဆန်း ဒေသအခေါ် ဘေးကျားမျိုးစပါးကို အစိုးရ ရန်ပုံငွေနဲ့ ဝယ်ယူကာ စိုက်ပျိုးရေးဦးစီးဌာနကနေ တောင်သူတွေကို ပြန်လည်ဖြန့်ဖြူးပေးရေးအဆိုကို ဒီနေ့ ကျင်းပတဲ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။

ရွှေဘိုပေါ်ဆန်းမွှေးစပါးလိုအပ်ချက်က စိုက်ပျိုးရေးဌာနမျိုးသန့်ခြံတွေက ဖြန့်ဖြူးပေးတဲ့ မျိုးနဲ့ မလုံလောက်တဲ့အတွက် မျိုးစေ့ထုတ်တောင်သူတွေဆီကနေ တဆင့်ပြန်ဝယ်ကာ ဒေသတွင်း မျိုးစပါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး၊ ဒေသတွင်း ဂျီဒီပီတိုးတက်လာစေရေး အတွက်ကို ရည်ရွယ်ကာ ဒီပဲယင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်းက ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တိုင်းလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာပါ။

အဆိုနဲ့ပတ်သက်ပြီး ကိုယ်စားလှယ် ၁၀ ဦးဆွေးနွေးခဲ့ကာ ကန့်ကွက်သူတွေလည်း ရှိခဲ့ပါတယ်။ ရွှေဘိုပေါ်ဆန်းစပါးက ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင် စတဲ့ဒေသအချို့မှာပဲ စိုက်ပျိုးနိုင်တာဖြစ်ပြီး အအေးပိုတဲ့ ဒေသတွေ၊ တောင်တန်းဒေသတွေမှာ မစိုက်ပျိုးနိုင်တဲ့အတွက် တတိုင်းလုံး လွှမ်းခြုံနိုင်မှုမရှိတာ၊ တခြားသော ဝင်ငွေအခွင့်အလမ်းကောင်းတဲ့ သီးနှံတွေအတွက် ထည့်သွင်းတွက်ချက်မှုမရှိတာ စတာတွေကြောင့် ကန့်ကွက်ခဲ့တာလို့ ကသာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းကပြောပါတယ်။

အဆိုနဲ့ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ရာမှာတော့ မဲပေးခွင့်ရှိသူ ၈၃ ဦးရှိတဲ့အထဲက ထောက်ခံမဲ ၃၆ မဲ၊ ကန့်ကွက်မဲ ၃၂ မဲ၊ ကြားနေ ၃ မဲရှိခဲ့ပြီး ထောက်ခံမဲများတဲ့အတွက် လွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ရွှေဘိုပေါ်ဆန်းမွှေးစပါးက တင်း ၁၀၀ ကို အနည်းဆုံး ငွေကျပ် ၁၂ သိန်းကနေ ၁၆ သိန်းဝန်းကျင်ထိ ဈေးကောင်းရနေတဲ့ မျိုးစပါးဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းစိုက်ပျိုးရေး ဦးစီးဌာနအနေနဲ့တော့ မျိုးစေ့ထုတ်တာ၊ မျိုးစေ့ထုတ် သမဝါယမ အသင်းတွေဖွဲ့တာတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်နေပြီး သတ်မှတ်နည်းစနစ်တွေ၊ စည်းကမ်းချက် တွေနဲ့အညီဆောင်ရွက်စေရေး မျိုးစေ့ဥပဒေ၊ နည်းဥပဒေတို့အတိုင်း ပြဋ္ဌာန်းလုပ်ဆောင်နေ တယ်လို့ ဆိုပါတယ်။

တိုင်းအတွင်း ရွှေဘိုပေါ်ဆန်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချတာနဲ့ ပတ်သက်လို့ ရေရှည် တည်တံ့စေရေးအတွက် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး Geography Indication ရရှိရေးအတွက် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် လိုချက်အပေါ်မူတည်ကာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးကတော့ လွှတ်တော်မှာ ပြောပါတယ်။

ရွှေဘိုခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း စိုက်ပျိုးရေးဦးစီးဌာနနှင့် ဂရိတ်ဝေါ ကုမ္ပဏီတို့ပူးပေါင်းဖြန့်ဖြူးတဲ့ GW 1 မျိုးစပါးနဲ့ပတ်သက်ပြီး မျိုးမသန့်တာ၊ အပေါက်မစုံတာတွေ ဖြစ်ပေါ်ခဲ့လို့ တောင်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013